By Nway / MPA
ရွှေဘိုအကျဉ်းထောင်တွင် သုံးလကြာပိတ်ထားသည့် ထောင်ဝင်စာဧည့်တွေ့ခွင့်ကို ပြန်ဖွင့်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများ မပါကြောင်း သိရသည်။
၂၀၂၃ခုနှစ်၊ အောက်တိုဘာတွင် အကျဉ်းထောင်များ၌ ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို စစ်ကောင်စီက ပြန်လည်ခွင့်ပြုခဲ့သော်လည်း ၂၀၂၄ခုနှစ်၊ဇွန် တစ်ရက်မှစ၍ ရွှေဘိုထောင် ဧည့်တွေ့ခွင့်အား ရွှေဘိုမြို့ရှိ စစ်ကောင်စီတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်၏ ညွန်ကြားချက်အရ ပိတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ယနေ့ (အောက်တိုဘာ ရှစ်ရက်) သတင်းထုတ်ပြန်သည်။
“ စစ်အုပ်ချုပ်ရေးနဲ့ လုံခြုံရေးကို အကြောင်းပြပြီး ဧည့်တွေ့ခွင့်ပိတ်ခဲ့တာပါ။ အောက်တိုဘာခုနှစ် ရက်နေ့မှာတော့ တခြားရာဇဝတ်အကျဉ်းသားတွေကို ပြန်ပေးပေမဲ့ နိုင်ကျဉ်းတွေ ပါမလာဘူး။ ဒါက ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)၊ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPAသို့ ပြောသည်။
ထောင်ကျနေသူတို့၏မိသားစုဝင်များက တောင်းဆိုခဲ့ကြသဖြင့် အောက်တိုဘာ ခုနှစ်ရက်တွင် ရာဇဝတ်အကျဉ်းသားများကို ဧည့်တွေ့ခွင့် ပြန်ပေးခြင်းဖြစ်သည်။
ရွှေဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ရာနှင့်ချီရှိပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအခြေအနေများကြောင့် ထောင်ဝင်စာပို့ရန် အခက်အခဲရှိနေကြောင်းလည်း PPNM ထံကသိရသည်။