By Nway / MPA
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းရှိ တင်းတိမ်ရံရွာကိုစစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ ခြောက်လသားနှင့် နှစ်နှစ်သားကလေးနှစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ (အောက်တိုဘာရှစ်ရက် ) ညနေ လေးနာရီခွဲခန့်တွင် မိတ္ထီလာရှမ်းတဲမှ တက်လာသော MiG-29 ဖိုက်တာဖြင့် တင်းတိမ်ရံရွာ စျေးအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ် အခြေပြု People’s Defence Comrade မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) က ပြောသည်။
“ ဗုံးက တစ်လုံးတည်းကြဲတာ။ ပေါင် ၅၀၀ ဖြစ်ဖို့များတယ်။ခြောက်လသားအရွယ် ကလေးငယ်တစ်ဦးနဲ့မိခင် တစ်ဦး ၊ နှစ်နှစ်သားအရွယ် ကလေးငယ်တစ်ဦး။ စုစုပေါင်း သုံးဦးသေဆုံးခဲ့ရပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ ဒဏ်ရာရရှိသူတွေကတော့ လက်ရှိ ဆေးကုသမှုခံယူနေပါတယ်” ဟု ကိုထူးခန့်ဇော်(အမေ့သား)က MPAသို့ ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုများလည်း ရှိသော်လည်း အရေအတွက်မသိရသေးကြောင်း ၎င်းကပြောသည်။
” တင်းတိမ်ရံရွာခံ ပြည်သူတွေကတော့ အကြောင်းမဲ့ ဗုံးကြဲတာတွေကြောင့် ရှောင်နေကြတာ။ နေ့ခင်းပိုင်းလေး ခဏဝင်ကြတယ်။ ညပိုင်းအပြင်ထွက်အိပ်ကြတယ်။ အခုညနေပိုင်းလည်း ပြည်သူတွေ ခဏပြန်ဝင်နေကြတဲ့အချိန် မထွက်ခင်လေးမှာ လာကြဲသွားလို့ သေဆုံးခဲ့ကြရတာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
အောက်တိုဘာ ငါးရက်ကလည်း တင်းတိမ်ရံရွာ စျေးအနီး ဘုရားကုန်းနယ်မြေပေါ်သို့ စစ်တပ်က ပေါင် ၅၀၀ ဗုံး တစ်လုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သေးသည်။
ယင်းနေ့မှစ၍ တင်းတိမ်ရံရွာမှ ထောင်နှင့်ချီသော ပြည်သူများသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြခြင်းဖြစ်သည်။