By Nway / MPA
မတရားဖမ်းဆီးထားသူများအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန် အမေရိကန်အပါအဝင် အနောက်နိုင်ငံသံရုံးများက တောင်းဆိုလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌနှင့် မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းနှင့် ပတ်သက်၍ အမေရိကန်၊ ဗြိတိန်၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ၊ ပြင်သစ်နှင့်ကနေဒါသံရုံးများ၏ ထုတ်ပြန်ချက်များထဲ၌ အထက်ပါအတိုင်း တညီတညွတ်တည်း တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
“ဆရာဇော်နဲ့ပတ်သက်ပြီး နိုင်ငံတကာသံရုံးတွေရဲ့ ထုတ်ပြန်ချက်တွေအပေါ် အသိအမှတ်ပြုရပါ တယ်။နိုင်ကျဉ်းတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုချက်တွေကိုလည်း ကြိုဆိုပါတယ်။ဒါပေမဲ့၊နိုင်ကျဉ်း တွေပြန်လွတ်ဖို့ဆိုတာ တောင်းဆိုရုံနဲ့မရဘူးဆိုတာ စစ်တပ်က အကြိမ်ကြိမ်သက်သေပြပြီးပါပြီ။နိုင်ငံ တကာအနေနဲ့ နွေဦးတော်လှန်ရေးအပေါ် လက်တွေ့ကျတဲ့ အကူအညီတွေပေးဖို့ တောင်းဆိုချင်ပါ တယ်”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။
၂၀၂၁ အာဏာသိမ်းချိန်တွင် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အကျဉ်းချထားခဲ့ပြီး အကျဉ်းသားဘဝတွင် ၎င်း၏ကျန်းမာရေးအခြေအနေ တစ်စတစ်စယိုယွင်းလာခြင်းအပေါ် လည်း စိုးရိမ်ပူပန်ခဲ့ရကြောင်းနှင့် နှစ်ပေါင်းများစွာ လုံလောက်သည့် ဆေးကုသမှုကို မရရှိခဲ့ဘဲ လွန်စွာ လူမဆန် ၊ အဆင့်နိမ့်စွာ နေခဲ့ရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂတို့၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
အာဏာသိမ်းချိန်မှစ၍ နိုင်ငံရေးအကျဥ်းသား စုစုပေါင်း ၂၁,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်း ခံထားရပြီး ယင်းဖြစ်စဥ်သည် အလွန်အကျည်းတန်ဆိုးရွားလှကြောင်း၊ မြန်မာနိုင်ငံရှိ နိုင်ငံရေးသမားများသည် ၎င်းတို့၏ယုံကြည်ရာကို ရပ်တည်ခြင်းအတွက် ကြမ်းတမ်းဆိုးရွားလှသည့် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရကြောင်း ဗြိတိသျှသံရုံး (ရန်ကုန်) ကထုတ်ပြန်ထားသည်။
ဒေါက်တာဇော်မြင့်မောင်ကဲ့သို့ပင် နိုင်ငံရေးအကျဉ်းသားအများစုသည် သင့်လျော်သော ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးကုသခွင့်များ မရရှိဘဲ ဆိုးရွားလှသည့် အခြေအနေတွင် ထိန်းသိမ်းခံထားရကြောင်းလည်း ယင်းသံရုံးက ဆိုသည်။
နိုင်ငံရေးခေါင်းဆောင်များသည် နိုင်ငံရေးဖြစ်စဉ်များတွင် လွတ်လပ်စွာ ပါဝင်နိုင်ကြရမည်ဖြစ်ပြီး မတရားဖမ်းဆီးထားသူများကို ချက်ချင်းလွှတ်ပေးရန်၊ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် သက်ဆိုင်သူများအားလုံးနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများပြုလုပ်သွားရန် စစ်ကောင်စီကို အမေရိကန်ပြည်ထောင်စုက တောင်းဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ဒေါက်တာဇော်မြင့်မောင်သည် ၀န်ကြီးချုပ်အဖြစ် တာ၀န်ထမ်းဆောင်စဉ်က ပြည်ကြီးတံခွန် ရေရရှိရေး စီမံချက်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ယင်းစီမံချက်မှာ ၂၀၂၁ ခုနှစ် တွင် ရပ်ဆိုင်းခဲ့ရကြောင်း နယ်သာလန်သံရုံးကလည်း ထုတ်ပြန်ထားသည်။