By Ra Wai / MPA
မကွေးတိုင်း၊ မြိုင်မြို့ကို တစ်နှစ်ကျော်ကြာ PDF တပ်ဖွဲ့များက ပိတ်ဆို့ထားပြီးနောက် ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် စစ်အုပ်စုဝင် ကိုးဦးအထိရှိလာကြောင်း သိရသည်။
၂၀၂၃ခုနှစ်၊ ဇွန်လပိုင်းကတည်းက မြိုင်မြို့ကို PDF တပ်ဖွဲ့များဝိုင်းဝန်းပိတ်ဆို့ထားပြီးနောက် ယနေ့ (အောက်တိုဘာ ရှစ်ရက်)အထိ ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် ရဲ၊ စစ်သားနှင့် ပျူစောထီး ကိုးဦးရှိလာပြီဖြစ်ကြောင်း မြိုင်ပကဖထံက သိရသည်။
“ သူတို့ (စစ်ကောင်စီတပ်ဖွဲ့ဝင်များ) မြို့ပြင်ထွက်တာမျိုးမရှိဘူးဗျ။ လက်နက်နဲ့ အလင်းဝင်လာတာတွေတော့ရှိတယ်” ဟု ဒေသတွင်း PDF ရဲဘော်တစ်ဦးကပြောသည်။
မြိုင်မြို့အတွင်းရှိ စစ်ကောင်စီတပ်သားများသည် မြို့ပြင်သို့ မထွက်ရဲသည့်အပြင် မြို့ထဲ၌လည်း တစ်ခါတစ်ရံသာ ကင်းပတ်တော့ကြောင်း သိရသည်။
“ ပုံမှန်အတိုင်းတော့မရှိဘူး။ မထင်တဲ့အချိန် မူးတဲ့အချိန်လေးတွေလောက်ပဲ ကင်းပတ် ထွက်တာ။ နယ်မြေထွက်ရှင်းလင်းတာတွေတော့မရှိဘူး။ စစ်ကြောင်းကို လုံးဝမရှိတာကြာပြီ” ဟု ၎င်းကဆက်လက်ပြောသည်။
အောက်တိုဘာ ခုနှစ်ရက်၊ မွန်းလွဲနှစ်နာရီခန့်က မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦး G4 သေနတ်တစ်လက်၊ ကျည်ဘောက် သုံးဘောက်၊ G4ကျည် ၂၄၈တောင့်၊ ခြောက်လုံးပြူးသေနတ်တစ်လက်၊ ခြောက်လုံးပြူးကျည် ၁၅တောင့်၊ လက်ပစ်ဗုံးနှစ်လုံးနှင့် ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့ရာ ၎င်းအား ငွေကျပ်သိန်း ၃၀ချီးမြှင့်ခဲ့ကြောင်း မြိုင်ပကဖထံက သိရသည်။