By Ra Wai / MPA
မန္တလေးပြည်သူတို့၏ ဒီမိုကရေစီရေးစိတ်ဓာတ်ကို ဒေါက်တာဇော်မြင့်မောင်၏ ဈာပနတွင် ပြသခဲ့ကြ ကြောင်း စာပေလောကသားတစ်ဦးက ဆိုသည်။
ယနေ့ (အောက်တိုဘာရှစ်ရက်) နံနက်၁၀နာရီတွင် ဒေါက်တာဇော်မြင့်မောင်၏ နောက်ဆုံးခရီးအဖြစ် မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ကျွဲဆည်ကန်မှ တောင်အင်းမြောက်အင်းသုဿန် သို့ ပို့ဆောင်ရာ ၌ သောင်းနှင့်ချီသော မန္တလေးပြည်သူတို့က လိုက်ပါပို့ဆောင်ခဲ့ကြသည်။
“တိုက်ပွဲနဲ့နီးနီးလေးဖြစ်တဲ့ မန္တလေးမှာ လုံခြုံရေးတင်းကျပ်ထားတာကြာပြီ။ဒီနေ့ဆိုရင်လည်း စစ် သားတွေ၊ ရဲတွေ အရပ်ဝတ်တွေနဲ့ စောင့်နေပေမဲ့ ကားတွေ၊ဆိုင်ကယ်တွေအပြည့်ပဲ။လူသောင်းနဲ့ချီ တယ်။လမ်းဘေးဝဲယာမှာလည်း ပြည်သူတွေထွက်စောင့်ပြီး ဆရာဇော်ကို ဂါရဝပြုကြတယ်။ဒါဟာ မန္တလေးပြည်သူတွေရဲ့ ဒီမိုကရေစီစိတ်ဓာတ်ပဲ” ဟု စာပေလောကသားတစ်ဦးက MPAသို့ ပြောသည်။
ဒေါက်တာဇော်မြင့်မောင်ကို လိုက်ပါပို့ဆောင်သည့် အစဆုံးယာဉ်သည် တံခွန်တိုင်အဝိုင်းသို့ ရောက် နေချိန်တွင် နောက်ဆုံးယာဉ်မှာ ကျွဲဆည်ကန်အိမ်မှ မထွက်ရသေးကြောင်း လမ်းဘေးဝဲယာတွင် လည်း ဂါရဝပြုသည့် ပြည်သူများ အပြည့်ဖြစ်ကြောင်း နာရေးလိုက်ပါပို့ဆောင်သည့် မန္တလေးမြို့ခံ တစ်ဦးကပြောသည်။
“ဒီလောက်လူများမယ်လို့ ကိုယ်ကိုယ်တိုင်လည်း မထင်ထားဘူး။တခြားလူတွေလည်း မထင်ထားဘူး။ စစ်တပ်က စိတ်မထင်ရင် ဖမ်းနေတော့ ဆရာဇော့်နာရေး ပြည်သူတွေလာပို့ရဲပါ့မလားပေါ့။အဲဒီစိတ်နဲ့ လိုက်ပို့မယ်ဆိုပြီး အိမ်ကထွက်လာတာ။ကျန်တဲ့လိုက်ပို့တဲ့ ပြည်သူတွေလည်း ကျတော့်လိုစိတ်နဲ့ပဲလို့ ထင်တယ်” ဟု ပြည်ကြီးတံခွန်မြို့နယ်နေပြည်သူတစ်ဦးကပြောသည်။
NLDအစိုးရလက်ထက်တွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်အဖွဲ့သည် မန္တလေးမြို့ဖွံ့ဖြိုးတိုးတက်အောင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင် ရေးအလံတော်ကိုလည်း ကျန်းမာရေးဆိုးရွားနေသည့်ကြားက နောက်ဆုံးအချိန်ထိ လွှင့်ထူခဲ့သူဖြစ်ခြင်း ကြောင်း စာပေလောကသားက ပြောသည်။
“အဲဒါကြောင့် မျက်ရည်တွေနဲ့ လက်သီးကိုကျစ်ကျစ်ပါဆုပ်ပြီး ပြည်သူတွေ လိုက်ပို့ကြတာ” ဟု ၎င်းက ဆက်လက် ပြောသည်။
ဒေါက်တာဇော်မြင့်မောင်သည် အောက်တိုဘာခုနှစ်ရက်၊န့နက်သုံးနာရီခန့်တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ပြီး တောင်အင်းမြောက်အင်းသုဿန်၌ မီးသင်္ဂြိုဟ်ကာ အရိုးပြာအား ဂူသွင်းမည်ဖြစ်ကြောင်း သိရသည်။
ဒေါက်တာဇော်မြင့်မောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းတည်ထောင်သည့်ကာလမှစ၍ ကွယ်လွန်ချိန် အထိ ဒီမိုကရေစီရေးလှုပ်ရှားမှု ခရီးလမ်းတစ်လျှောက် တစိုက်မတ်မတ် ဦးဆောင်ပါဝင်ခဲ့မှုကြောင့် စစ်အာဏာရှင်အဆက်ဆက်၏ ဖမ်းဆီးအကျဉ်းချခြင်းကို ခံခဲ့ရသည့်အပြင် ၂၀၂၁ခုနှစ် အာဏာသိမ်း ဖြစ်စဉ်တွင်လည်း မတရားသည့် ပုဒ်မအမျိုးမျိုးတပ်၍ နှစ်ရှည်ထောင်ဒဏ်၂၉နှစ်အထိ ချမှတ်ခြင်း ခံခဲ့ရကြောင်း ဒေါက်တာဇော်မြင့်မောင် ကင်ဆာရောဂါခံစားနေမှန်း သိလျက်နှင့် ရောဂါအခြေအနေနှင့် ကိုက်ညီသော လုံလောက် သည့် ကျန်းမာရေးစောင့်ရှောက်မှုများမရရှိဘဲ အကျဉ်းထောင်အတွင်း ပြင်းထန်စွာထိခိုက်ခံစားခဲ့ရပြီး ကွယ်လွန်သွားခဲ့ရသော နိုင်ငံ ရေးသမားကောင်းတစ်ဦး ဖြစ်ကြောင်း NUGအစိုးရက ထုတ်ပြန်ထားသည်။