By Mandy / MPA
တော်လှန်ရေးအင်အားစုများ နှစ်လခန့်ကြာ ထိုးစစ်ဆင်တိုက်ခိုက်နေသော စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို ယနေ့ နံနက်အစောပိုင်းတွင် အလုံးစုံသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်များထံက သိရသည်။
ပင်လည်ဘူးမြို့ကို ဩဂုတ် ၁၅ရက် မှစတင်ကာ အမှတ်တစ်စစ်ဒေသလက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့ များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် မဟာမိတ်တပ်ဖွဲ့များက စုပေါင်းထိုးစစ်ဆင်တိုက်ခိုက် ခဲ့ကြခြင်းဖြစ်သည်။
“လောလောဆယ် ပင်လည်ဘူးသိမ်းပြီးသွားပြီဆိုတာတော့ အခိုင်အမာပြောနိုင်ပါပြီ” ဟု ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ ရှေ့တန်းတစ်နေရာရောက် ရဲဘော်တစ်ဦးက MPA ကိုပြောသည်။
စစ်ကောင်စီတပ်သည် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကာလအတွင်း လေကြောင်းမှနေ၍ ဗုံးအလုံး၂၀၀၀ ကျော်ကြဲ ချခဲ့ပြီး မြေပြင်မှ စစ်ကူနှင့်ရိက္ခာမပို့နိုင်သဖြင့် စားနပ်ရိက္ခာ၊လက်နက်နှင့် လူအင်အားတို့ကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်(မုံရွာ နမခ) ၊ ကန့်ဘလူ ၆၀၀၆ တပ်ရင်းနှင့် ဝန်းသိုတပ်ရင်းတို့မှ Mi-17ဖြင့် အကြိမ်ကြိမ်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“ပင်လည်ဘူးကိုသိမ်းပိုက်နိုင်တဲ့ ဒီမနက်(အောက်တိုဘာရှစ်ရက်)မှာလည်း Y-12 နဲ့ ဗုံးသီးတွေလာချသွားတယ်။ အခုလည်း လေကြောင်းကနေ ဆက်တိုက်ဆိုသလို လာပစ်နေတယ်” ဟု ၎င်းက ယနေ့နံနက် ၁၁နာရီခန့်တွင် ပြောသည်။
ပင်လည်ဘူးမြို့သိမ်းကာလအတွင်း လက်နက်ချအလင်းဝင်လာသော စစ်သား ၁၂၀ခန့်ရှိပြီး အလင်းဝင်စစ်သားများထဲတွင် အသက်မပြည့်သေးသော ကလေးစစ်သားများနှင့် အဓမ္မစစ်မှုထမ်းရန်စုဆောင်းခံရသူများလည်း ပါဝင်ကြောင်း သိရသည်။