By Sayar Ngaat / MPA
မြန်မာနိုင်ငံရှိ နို့တိုက်သတ္တဝါ ၆၃မျိုးသည် မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း တောရိုင်းတိရစ္ဆာန်များအကြောင်း မှတ်တမ်းပြုစုသူများထံမှ သိရသည်။
သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုများ လုပ်ဆောင်နေသူတစ်ဦးက ၂၀၁၈ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံအတွင်းရှိ ကုန်းနေနို့တိုက်သတ္တဝါ ၃၃၂မျိုးနှင့် ရေနေနို့တိုက်သတ္တဝါ ၃၃မျိုးကို လေ့လာမှုများပြုလုပ်ခဲ့ပြီး ၂၀၂၂ခုနှစ်မှ ၂၀၂၄ခုနှစ် ဧပြီလအထိ မှတ်တမ်းများပြုစုခဲ့သည့် စာတမ်း၌ မျိုးစိတ်ပေါင်း ၆၃ မျိုးသည် မျိုးသုဉ်းမှု အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။
“ မျိုးစိတ် ၆၃ခုဟာ မျိုးသုဉ်းမှုအန္တရာယ်နဲ့ ဆိုင်နေရပါတယ်။ အဆင့်သုံးဆင့်သတ်မှတ်ထားတဲ့အထဲမှာမှ မျိုးစိတ် ၈ခုဟာ ဆိုးဆိုးဝါးဝါးရင်ဆိုင်နေရပါတယ်။ မျိုးစိတ် ၂၇ခုကတော့ ဒုတိယအဆင့်မှာ ဖြစ်ပါတယ်။ မျိုးစိတ်၂၈ခုကတော့ ပထမ အဆင့်မှာ ကြုံတွေ့နေရတာ ဖြစ်ပါတယ်၊ အားလုံးကတော့ မျိုးသုဉ်းမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရတာပါ” ဟု အမည်မဖော်လိုသည့် မှတ်တမ်းပြုစုခဲ့သူက ပြောသည်။
ကမ္ဘာပေါ်တွင် နို့တိုက်သတ္တဝါ မျိုးစိတ်ပေါင်း ၆၇၁၈မျိုး ရှိသည့်အနက် မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် မျိုးစိတ်များအကြောင်း မှတ်တမ်းသည် ကမ္ဘာလုံးပေါ်ရှိ နို့တိုက်သတ္တဝါများ၏ ၅ဒဿမ၄ ရာခိုင်နှုန်းခန့် ကိုယ်စားပြုကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
“ မျိုးသုဉ်းမှု အန္တရာယ်ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ အများကြီး ရှိတယ်။ အထူးသဖြင့် ကျတော်တို့လို ဆင်းရဲတဲ့ နိုင်ငံတွေမှာဆိုရင်သစ်တောအပေါ် လူဦးရေအချိုးအစားတော်တော်များများ မှီခိုကြတယ်။ အဲဒီအချိန်မှာ ဘာတွေ လုပ်ကြလဲဆိုရင် စိုက်ပျိုးမြေချဲ့ထွင်တာတွေ၊ တရားမဝင်အမဲလိုက်သတ်ဖြတ်တာတွေ၊ အဲဒါတွေကြောင့်သစ်တောတွေ ဆုံးရှုံးလာတယ်။ အဲဒီလိုအကြောင်းအရာတွေကတော့ မျိုးစိတ်တွေကို မျိုးသုဉ်းမှုအန္တရာယ်ကိုဖြစ်စေပါတယ်” ဟု မှတ်တမ်းပြုစုခဲ့သူက ပြောသည်။
ထို့ပြင် ကမ္ဘာပေါ်တွင် မျိုးစိတ်တစ်ခု လုံးဝ ပျောက်ဆုံးသွားပါက ၎င်းနှင့် ပတ်သက်သည့် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များကို လေ့လာမှုများ မပြုလုပ်နိုင်တော့သဖြင့် သုတေသနလုပ်ငန်းများတွင် များစွာ ထိခိုက်မှုရှိနိုင်ကြောင်း သိရ သည်။
လက်ရှိ မြန်မာနိုင်ငံတွင် အပင်နှင့် သတ္တဝါများ၏ အချက်အလက်များကို မရရှိသည့် ပြဿနာကို ကြုံတွေနေ့ရပြီး သက်ဆိုင်ရာ နယ်ပယ်များတွင် လူ့စွမ်းအားအရင်းအမြစ် အားနည်းခြင်း၊ သုတေသနလုပ်ငန်းများ ငွေကြေးထောက်ပံ့မှု မရှိခြင်းများ ကြုံတွေ့နေရကြောင်း တောရိုင်းတိရစ္ဆာန်များအကြောင်း စာတမ်းပြုစုနေသူများထံမှ သိရသည်။
“ ကျတော်တို့နိုင်ငံမှာ အပင်နဲ့ သတ္တဝါတွေရဲ့ အချက်လက်တွေက တော်တော်လေးကိုရှားပါတယ်။ အဓိကပြဿနာကတော့ နိုင်ငံရေးမတည်ငြိမ်တာလည်းပါပါတယ်။ ပြီးတော့ လူ့စွမ်းအားအရင်းအမြစ်တွေပေါ့၊ သုတေသနတွေ ပြုလုပ်ဖို့ဆိုရင် သက်ဆိုင်ရာနယ်ပယ်မှာ ပညာရှင်တွေလိုပါတယ်။ နောက်ပြီးတော့ ငွေကြေးပါ၊ ကျတော်တို့ စီမံကိန်းတခုလုပ်တော့မယ်ဆိုရင် ပစ္စည်းတွေ၊ သင်တန်းတွေ၊ အများကြီးလိုပါတယ်။ အဲဒီအတွက် ငွေကြေး ထောက်ပံ့မှုတွေလည်း လိုတာပါ” ဟု တောရိုင်းတိရိစ္ဆာန်များအကြောင်း စာတမ်းပြုစုနေသူတစ်ဦးက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုသည် လက်တွေ့ကွင်းဆင်းမှုများကို အခက်တွေ့ စေသဖြင့် တောရိုင်းတိရစ္ဆာန်များအတွက်လည်း ဆိုးကျိုးသက်ရောက်မှု များစွာရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများက ထောက်ပြကြသည်။
“ လူတွေတင် ဒုက္ခရောက်တာ မဟုတ်ဘူး၊ သတ္တဝါလေးတွေလည်း အများကြီး ဒုက္ခရောက်နေပါတယ်၊ တောတွေထဲမှာ ကင်မရာထောက်ချောက်တွေလည်း တပ်လို့မရ၊ သွားလို့မရတော့၊ အချက်အလက်တွေရဖို့ အများကြီး ခဲယဉ်းသွားတယ်၊ အဆိုးဆုံးကတော့ မျိုးသုဉ်းမှုအန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ သတ္တဝါတွေပါ” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူတစ်ဦးက ပြောသည်။
မျိုးသုဉ်းမှုအန္တရာယ်ကြီးမားနေသည့် သတ္တဝါများကို ကာကွယ်ရန် နည်းပညာမြင့် ကင်မရာများ၊ သုတေသနပြုလုပ်သူများ၏ လှုပ်ရှားမှုများကို တိုးချဲ့ရန်လိုအပ်ပြီး၊ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းကာကွယ်ရေး နယ်မြေများအတွက် ငွေကြေးထောက်ပံ့မှုကို မြှင့်တင်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှစ၍ မျိုးသုဉ်းမည့်အန္တရာယ်ရှိသည့် ဒေသရင်းတောတွင်း တိရစ္ဆာန် များနှင့် အပင်များအား နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာကွန်ဗင်းရှင်း (Convention on International Trade in Endangered Species of Wild Fauna and Flora – CITES) ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သော်လည်း ဆင်နှင့် အခြားဆင်အစိတ်အပိုင်းများကို တောရိုင်း တိရ စ္ဆာန်နှင့် သဘာဝနယ်မြေ များ ထိန်းသိမ်းရေးဥပဒေနှင့် ဆန့်ကျင်ပြီး ခိုးထုတ်နေဆဲ ဖြစ်ကြောင်း မြန်မာ့ဆင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း စီမံချက် MECAP တွင် ဖော်ပြထားသည်။