By Garcia Ni /MPA
မကွေးတိုင်း၊ ယောဒေသဖြစ်သော ထီးလင်း၊ ဂန့်ဂေါနှင့် ဆောမြို့နယ်များကို စစ်ကောင်စီက အောက်တိုဘာ၅ရက်နေ့အတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်တိုက်မှုများပြုလုပ်ခဲ့သောကြောင့် ပြည်သူ ရှစ်ဦးသေဆုံးပြီး ၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ ငါးရက်၊ နေ့လယ် ၁၂နာရီခွဲခန့်တွင် စစ်ကောင်စီက ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ရေရှင်မရွာ အနောက်ဘက်ကို ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ နွားကျောင်းနေသည့် အမျိုးသားတစ်ဦး ဗုံးထိမှန်သေဆုံးခဲ့ရသည်။
“ မြို့နယ်ပကဖ၊ ပအဖအစည်းအဝေးလုပ်တဲ့သတင်းပေါက်ပြီး လာကြဲတာဗျ၊ အစည်းအဝေးလုပ်တဲ့နေရာကိုမကြဲမိဘဲ၊ ရွာအနောက်တောင်ဘက်က View Point နေရာကိုကြဲတာ၊ စုစုပေါင်းသုံးလုံးကြဲတယ်။ နွားကျောင်းနေတဲ့လူတစ်ယောက် ခေါင်းပြတ်ထွက်ပြီး သေသွားတယ်ဗျ” ဟု ရေရှင်မရွာဒေသခံအမျိုးသားတစ်ဦးက MPAကိုပြောသည်။
ယင်းနောက် ထီးလင်းမြို့နယ်အရှေ့ခြမ်း၊ ကျင်းကျေးရွာကို စစ်ကောင်စီက အောက်တိုဘာ ငါးရက်၊ မွန်းလွဲ နှစ်နာရီ၄၅မိနစ်အချိန်ခန့်တွင် ဂျက်ဖိုက်တာ နှစ်စင်းဖြင့် လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ရာ ပြည်သူငါးဦးသေဆုံးပြီး ငါးဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
” ရွာထဲမှာရှိတဲ့ ကားဝပ်ရှော့ကိုကြဲတာဗျ၊ အဲ့ဒီမှာသုံးယောက်ပွဲချင်းပြီးဆုံးတယ်။ နှစ်ယောက်က ဆေးရုံပို့ဖို့လုပ်နေတုန်း လမ်းမှာဆုံးတာ၊ ဒီဘက်မှာ စစ်ရေးလှုပ်ရှားမှုလည်း ဘာမှမရှိဘူးဗျ၊ ဒီအတိုင်းကိုလာကြဲသွားတာ ” ဟု ကျင်းရွာဒေသခံအသက်၂၀ ကျော်အရွယ်အမျိုးသားက MPAကိုပြောသည်။
ထို့ပြင် အောက်တိုဘာငါးရက်၊ နံနက် ၁၀ နာရီခန့်မှာပင် ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်အတွင်းရှိ ပန်းဆန်ကျေးရွာကို ကျောက်ထုအမြောက်တပ်မှ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်ခဲ့သည့်အပြင် ဒရုန်းဖြင့်ဗုံးသီးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦးသေဆုံးပြီး ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
” ပစ်တဲ့ လက်နက်ကြီးက အိမ်ပေါ်တည့်တည့်ကျတာ၊ အိမ်အပေါ်ထပ်မှာ သားအမိသုံးယောက်ရှိတာမှာ အမေရယ်သမီးတစ်ယောက်ရယ်သေသွားတာ၊ ပြီးတော့မှ အဲ့ဒီနားမှာရှိတဲ့ ကားဝပ်ရှော့ကိုဒရုန်းနဲ့ထပ်ပြီးဗုံးကြဲတာ၊ အဲ့ဒါမှာ ခုနှစ်ဦးဒဏ်ရာရတာ” ဟု ယောတော်လှန်ရေးတပ်(YRA)၏ ပြန်ကြားရေးတာဝန်ခံကိုကောင်းက MPAကိုပြောသည်။
ပန်းဆန်ရွာသည် ကျောက်ထုမြို့နှင့် တစ်မိုင်ခန့်အကွာတွင်တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ကျောက်ထုအမြောက်တပ်မှ ကျောက်ထုမြို့အနီး ငါးမိုင်ပတ်ဝန်းကျင်အတွင်းရှိ ကျေးရွာများကို မကြာခဏလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုပြုလုပ်တတ်သော်လည်း ပန်းဆန်ကျေးရွာကိုမူ ယခုတိုက်ခိုက်မှုသည် ပထမဆုံးတိုက်ခိုက်မှုဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေ ကိုးရက်နေ့တွင် ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲ၊ အညာပန်းပလွန်းရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ၂၀ဦးကျော်သေဆုံး၍ ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
ယင်းအပြင် ၂၀၂၄ခု၊ မေ ၁၄ရက်ကလည်း ဆောမြို့နယ်၊ တောမကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကလေးငယ် နှစ်ဦးအပါအဝင် ခုနှစ်ဦးသေဆုံး၍ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။