By Zwe Ko / MPA
ပဲခူးတိုင်း၊ သာယ၀တီခရိုင်အတွင်းရှိ မြို့နယ်များတွင် အောက်တိုဘာလဆန်းပိုင်းမှစတင်ကာ လေပြင်းများတိုက်ခတ်ပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ရိတ်သိမ်းခါနီးစပါးခင်းများ ပျက်စီးခဲ့ကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ တစ်ရက်မှ ငါးရက်အတွင်း အနောက်ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်များနှင့်အပူပျံတက်ပြီးဖြစ်ပေါ်သည့် မိုးတိမ်တောင်များ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးမှ လေဖိအားကြီးရပ်ဝန်းကြောင့် ရွေ့လျားလာသည့် လေအေးတွေ့ဆုံမှုများကြောင့် ပဲခူးတိုင်းအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသ ၁၀ ခုထက်မနည်း မိုးရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ပညာရှင်များက ထုတ်ပြန်ခဲ့သည်။
“ မိုးက ငါးရက်လုံးရွာတာ၊ နေ့ရောညရောရွာပြီး လေပါတိုက်တာ၊ စပါးတွေက နောက်နှစ်ရက်သုံးရက်ဆိုရိတ်ရပြီ၊ အခုမိုးကောင်းတော့ ရေကြီးပြီး အကုန်လဲကုန်ပြီ၊ ရေပါတက်လာတော့ အကုန်မြုပ်ကုန်တာ၊ မိုးမပြတ်ဘဲ ဆက်ရွာရင်တော့ အကုန်ပစ်ရတော့မှာ “ ဟု သာယာ၀တီမြို့နယ်မှ အသက် ၄၀အရွယ် တောင်သူတစ်ဦးက ပြောသည်။
ထို့ပြင် လက်ပံတန်းမြို့နယ်အတွင်းရှိ ရိတ်သိမ်းခါနီး စပါးခင်းများသည်လည်း မိုးများစွာရွာသွန်းမှုကြောင့် ရေနစ်ခဲ့သည့်အတွက် တောင်သူများ ဆုံးရှုံးနစ်နာရကြောင်း လက်ပံတန်းမြို့နယ်၊ ခမုံကျေးရွာမှ အသက် ၄၀အရွယ် အမျိုးသမီးတောင်သူတစ်ဦးက ပြောသည်။
“ ပြီးခဲ့တဲ့ မြစ်ရေတက်တုန်းကလည်း စပါးခင်းတွေ ပျက်ပြီးပြီ၊ အခုကျန်တဲ့ဟာတွေက ရေမနစ်တဲ့ကွင်းတွေ၊ အခုအဲ့ဒါတွေပါ အကုန်ရေမြုပ်ကုန်တော့ အခုနှစ်အရှုံးကြီးရှုံးပြီ၊ ရေမနစ်တဲ့ ကွင်းတွေမှာ တစ်ဧက တင်း ၇၀၊ ၈၀ လောက်ထွက်မယ်မှန်းထားတာ၊ အခု ၄၀ရရင်ကံကောင်း၊ အနှံတွေက ရေထဲမြုပ်ပြီး စပါးတွေ ပုပ်စော်နံနေတာ “ ဟု ၎င်းက ရှင်းပြသည်။
ယခုကဲ့သို့ ရေနစ်မြုပ်ခဲ့သည့် စပါးခင်းများကို ရိတ်သိမ်းမည်ဆိုပါ ရိတ်သိမ်းခ ပိုပေးရသည့်အပြင် တွက်ချေကိုက်မှုမရှိသည့်အတွက် မရိတ်သိမ်းတော့ကြောင်း မင်းလှမြို့နယ် စစ်ကွင်းမှ အသက် ၃၀ အရွယ်တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“ စပါးခင်းတွေ မပျက်သေးခင်က ရိတ်သိမ်းခ တစ်သိန်းခွဲ အများဆုံးပေးရတာ၊ အခု တစ်ဧကကို တစ်သိန်းကိုးသောင်း၊ နှစ်သိန်းပေးနေရပြီ၊ စပါးတွေလဲကုန်တော့ ရိတ်စက်တွေလည်း မတိုးဘူး။ အဲ့ဒါကြောင့် ရိတ်ခတွေ တိုးတောင်းတာ၊ တချို့ဆို မရိတ်တော့ဘူး ဒီတိုင်းထားလိုက်ကြတယ်။ သူတို့စပါးတွေက အစထဲကလဲနေတော့ ရိတ်မရတော့ဘူး၊ ရိတ်ရင်လည်း ရိတ်ခပါ ရှုံးမယ်ဆိုတော့ ဒီတိုင်းထားလိုက်ကြတာ “ ဟု ၎င်းက ပြောသည်။
ယင်းအပြင် မိုးသည်းစွာရွာသွန်းမှုကြောင့် သာယာ၀တီခရိုင်အတွင်း စပါးခင်းများ ပျက်စီးမှုအပြင် ပဲခင်းများလည်း ပျက်စီးမှုရှိခဲ့ကြောင်း မိုးညိုမြို့နယ်မှ အသက် ၃၀အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ အမတို့က ရေနစ်ကွင်းတွေဆိုတော့ စပါးမစိုက်ကြဘူး။ ပဲတစ်သီးပဲ စိုက်ကြတာ၊ အဲ့ဒါ မိုးကုန်ပြီး မိုးအားနည်းသွားပြီဆိုပြီး ပဲတွေကြဲတာ၊ ပြီးလည်းပြီးရော မိုးကအရမ်းရွာတော့ အပင်တွေလည်းသေတယ်။ မျိုးစေ့တွေလည်း ပုပ်ကုန်ကော၊ အမတို့ရွာတင် ဧက ၈၀ လောက်ပျက်တယ် ” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။
၂၀၂၄ခုနှစ် မိုးရာသီကာလအတွင်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် မြန်မာနိုင်ငံအနှံ့ လယ်ဧက ကိုးသိန်းနီးပါး ပျက်စီးခဲ့ခြင်းကြောင့် ယခုနှစ် စပါးအထွက်နှုန်း သိသာစွာလျော့ကျနိုင်ကြောင်း တောင်သူများထံမှ သိရသည်။
ထိုကဲ့သို့ စပါးအထွက်နှုန်းကျဆင်းနိုင်သည့်အတွက် ဆောင်းရာသီကာလအတွင်း ဆောင်းသီနှံစိုက်ပျိုးခြင်းမပြုဘဲ နွေစပါးစိုက်ပျိုးရန်အတွက် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
ရေကြီးရေလျှံမှုကြောင့် လယ်ဧကများစွာ ပျက်စီးခဲ့သည့်အတွက် တောင်သူများ နစ်နာခဲ့ရသော်လည်း စစ်ကောင်စီက လက်ရှိအချိန်ထိ ထိရောက်သည့်အကူအညီများ ပေးမှုမရှိသည့်အပြင် တောင်သူများအား ဖမ်းဆီးခြင်း၊ စစ်မှုထမ်းငှားရမ်းခအတွက် ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်းလည်း စုံစမ်းသိရှိရသည်။






