By Sayar Ngaat / MPA
မြန်မာနိုင်ငံတွင် မျိုးသုဉ်းမှုအန္တရာယ်ကို ရင်ဆိုင်နေရသည့် ပန်ဒါနီ ခေါ် ကြောင်နီများကို ထိန်းသိမ်းရန် လိုအပ်လျက်ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများထံမှ စုံစမ်း သိရှိရသည်။
ပန်ဒါနီများကို ကချင်ပြည်နယ်မြောက်ဖျားစွန်းဒေသများဖြစ်သည့် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နှင့် ဖုန်ကန်ရာဇီဘေးမဲ့တော၊ ကချင်ပြည်နယ်အရှေ့မြောက်စွန်းဒေသများဖြစ်သည့် မဂျယ်တောင်နှင့် အီမောဘွန်ဒေသများတွင် အဓိက တွေ့ရပြီး တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံများနှင့် ထိစပ်လျက်ရှိသည့် တောင်တန်းဒေသများ၌ တွေ့ရကြောင်း သိရသည်။
“ ပန်ဒါနီလေးတွေက မြန်မာနိုင်ငံ မြောက်ဖျားပိုင်းမှာ ရှိတဲ့ ရေခဲတောင် ဒေသမှာဘဲ တွေ့ရတယ်။ တကယ်လို့သာ ပန်ဒါနီလေးသာ မျိုးသုဉ်းသွားမယ်ဆိုရင် ဒီမျိုးစိတ်တစ်ခုထဲ မျိုးသုဥ်းသွားတာမဟုတ်ပါဘူး။ ဒီကောင်တွေနဲ့ ပတ်သက်တဲ့ သမိုင်းနောက်ခံအကြောင်းအရာတွေပါ ပျောက်ကွယ်သွားနိုင်ပါတယ် ” ဟု တောရိုင်းတိရိစ္ဆာန်များအကြောင်း စာတမ်းပြုစုနေသူတစ်ဦးက ပြောသည်။
ပန်ဒါနီများသည် နာမည်တွင် ပန်ဒါပါနေသော်လည်း အများစု သိကြသည့် အဖြူအနက်စပ် ပန်ဒါဝက်ဝံများနှင့် မျိုးစိတ်ချင်းနီးစပ်နေခြင်းမရှိဘဲ သီးခြား ကြောင်နီမျိုးရင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ပန်ဒါနီများကို အသားအတွက် သတ်ဖြတ်ခံနေရမှုများအပြင် မြန်မာတရုတ်နယ်စပ်တွင် ဆေးဝါးအတွက် ရောင်းချခြင်းများနှင့် သားရေများကို အလှဆင်မှုများတွင် အသုံးပြုရန်အတွက် ရောင်းချမှုများ ပြုလုပ်နေကြကြောင်း ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူတစ်ဦးက ပြောသည်။
” ဒီဘက်မှာ ဒေသခံတွေက ပန်ဒါနီတွေကို ဒီအတိုင်းဖမ်းတယ်၊ သတ်တယ်။ အသားကိုစားတယ်။ ဒါပေမဲ့ ဈေးကွက်ထဲမှာ အသားကို သိပ်ပြီးရောင်းတာမရှိဘူး။ တရုတ်နဲ့မြန်မာနယ်စပ် တရုတ်တွေက ပန်ဒါနီကို ဆေးဖော်ဖို့ပဲဖြစ်ဖြစ်၊ ပန်ဒါနီအရေခွံကို ချိတ်ဆွဲဖို့တို့၊ ကြမ်းပြင်မှာ သားရေကိုခင်းဖို့ ပန်ဒါနီကို လိုချင်ကြတယ်။အဲဒီအတွက်ကြောင့် တရားမဝင်အောက်လမ်းကနေ သူတို့နိုင်ငံကို သယ်တယ်။ အဲဒီလိုမျိုးတွေကြောင့် ဒီပန်ဒါနီတွေက သေနေတာပါ” ဟု ၎င်းက ပြောသည်။
ကမ္ဘာပေါ်တွင် ပန်ဒါနီမျိုးစိတ် လုံးဝ ပျောက်ဆုံးသွားပါက ၎င်းနှင့် ပတ်သက်သည့် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များကို လေ့လာမှုများ မပြုလုပ်နိုင်တော့သဖြင့် သုတေသနလုပ်ငန်းများ၌ များစွာ ထိခိုက်မှုရှိနိုင်ကြောင်း သဘာ၀ပတ် ဝန်း ကျင် ထိန်းသိမ်းသူများက ဆိုသည်။
” လူအများစု ပြောနေကြတာတော့ ဒီတစ်ကောင် ပျက်သွားရင် အစာကွင်းဆက်ပျက်သွားမယ်လို့ ပြောကြတယ်၊ တကယ့် တကယ်ဆို လူမျိုးစုတစ်စု ဒေသတစ်ခုရဲ့ ပြယုဂ်တစ်ခု ပျက်စီးသွားတာ ဖြစ်နိုင်သလို လေးလေးနက်နက် ပြောရမယ်ဆိုရင် ဆင့်ကဲဖြစ်စဉ်ရဲ့ အချက်အလက်တွေ အကုန် အစပျောက်သွားတာ၊ ကွင်းဆက်ပျက်သွားတာပါပဲ “ ဟု တောရိုင်းတိရိစ္ဆာန်များအကြောင်း စာတမ်းပြုစုနေသူက ပြောသည်။
ပန်ဒါနီများသည် ကချင်ပြည်နယ် မြောက်ဖျားပိုင်း၊ တရုတ်နိုင်ငံနယ်စပ်နှင့် အိန္ဒိယနိုင်ငံနယ်စပ်များတွင် အဓိကနေထိုင်ပြီး ဝါးရုံ တောများအတွင်း သိုဝှက်စွာ နေထိုင်သည့် ဗီဇရှိသည့်အပြင် ကင်မရာထောင်ချောက်များလည်း ပြည့်စုံစွာ မတပ်ဆင်နိုင်သေးခြင်းတို့ကြောင့် အကောင်အရေအတွက်ကို တိတိကျကျ မသိရှိရသေးကြောင်း သိရသည်။
“ ဒီပုံအတိုင်းဆို အကောင်တွေကတော့ တိုးလာဖို့မရှိဘူး။ အခုနောက်ပိုင်းကျ ကင်မရာတွေလည်း မထောင်ရတော့ ခြေရာခံဖို့လည်း ခက်သွားတယ်။ ဆက်လုပ်နေသေးတဲ့ အဖွဲ့တွေတော့ရှိပေမဲ့ တောကောင်းတဲ့နေရာတွေအကုန်လုံးက အရင်လို ဝင်လို့မရတော့ဘူးလေ” ဟု Native Species Conversations & Identification မှ မမြဘုန်းမော်က ပြောသည်။
“ မျိုးသုဉ်းမှု အန္တရာယ်ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ အများကြီး ရှိတယ်။ အထူးသဖြင့် ကျတော်တို့လို ဆင်းရဲတဲ့ နိုင်ငံတွေမှာဆိုရင်သစ်တောကို လူဦးရေအချိုးအစားတော်တော်များများ မှီခိုကြတယ်။ အဲ့ဒီအချိန်မှာ ဘာတွေ လုပ်ကြလဲဆိုရင် စိုက်ပျိုးမြေချဲ့ထွင်တာတွေ ၊ တရားမဝင်အမဲလိုက်သတ်ဖြတ်တာတွေ၊ အဲ့ဒါတွေကြောင့်သစ်တောတွေ ဆုံးရှုံးလာတယ်။ အဲဒီလိုအကြောင်းအရာတွေကတော့ မျိုးစိတ်တွေကို မျိုးသုဉ်းမှုအန္တရာယ်ကိုဖြစ်စေပါတယ်” ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်သူတစ်ဦးက ပြောသည်။
ထို့ကြောင့် ပန်ဒါနီးများ ထိန်းသိမ်းကာကွယ်ရန်အတွက် ဒေသခံများ ပါဝင်ရန်အရေးကြီးကြောင်း၊ ဒေသခံများနှင့် လိုက်လျောညီထွေဖြစ်မည့် ဥပဒေပြုခြင်းနှင့် အသိပညာပေးခြင်းများကိုလည်း ပြုလုပ်သင့်ကြောင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများက ထောက်ပြသည်။
ပန်ဒါနီများကို မြန်မာနိုင်ငံ အပါအဝင် နီပေါနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘူတန်နိုင်ငံနှင့် တရုတ်နိုင်ငံ စသည့်နိုင်ငံများတွင် အဓိကတွေ့နိုင်ကြောင်း သိရသည်။
ပန်ဒါနီများသည် ဇန်နဝါရီလလယ်မှ မတ်လအတွင်း မိတ်လိုက်မှုပြုလုပ်လေ့ရှိပြီး ကျန်အချိန်များ၌ တစ်ကောင်တည်းနေထိုင်တတ်သည့် သတ္တဝါများလည်း ဖြစ်သည်။
ထို့ပြင် ပန်ဒါနီများကို အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များထိန်းသိမ်းရေးအဖွဲ့ IUCN ၏ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသည့် မျိုးစိတ်အဖြစ် အနီရောင်စာရင်းတွင်လည်း ထည့်သွင်း သတ်မှတ်ထားသေးသည်။
IUCN စာရင်းတွင်ပါဝင်သည့် ပန်ဒါနီများသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကောင်ရေတစ်သောင်းခန့်သာရှိပြီး ၎င်းတို့ ရှားပါးလာမှု အဓိပြသနာသည် လူသားများကြောင့် ဖြစ်ကြောင်းလည်း သိရသည်။


