By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိန်ရံရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ နေအိမ်အတွင်းနေ အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အောက်တိုဘာ ငါးရက်၊ ညနေ ခြောက်နာရီဝန်းကျင်က တင်းတိန်ရံကျေးရွာသို့ ဂျက်ဖိုက်တာပေါ်မှ နေ၍ ရော့ကက်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အိမ်တစ်လုံးပြိုကျပျက်စီးကာ သေဆုံးနှင့် ဒဏ်ရာရအမျိုးသမီးနှစ်ဦးမှာ မိသားစုဝင်များဖြစ်ကြောင်း ရေဦးမြို့နယ်ပကဖထံက သိရသည်။
” ဂျက်ဖိုက်တာနဲ့ပစ်သွားတာ။ သူက စံပြကျေးရွာဆိုတော့ မြို့အဆင့်ရှိတယ်။ အိမ်ထဲမှာ ရှိနေတဲ့ အချိန်ဖြစ်သွားတာ။ တစ်ယောက်သေပြီး တစ်ယောက်ဒဏ်ရာရတယ်။ နေအိမ်ကတော့ ပျက်စီးသွားတယ်” ဟု ရေဦးမြို့နယ်ပကဖတာဝန်ခံက MPA သို့ပြောသည်။
ယင်းနေ့၊ညနေ သုံးနာရီကျော်တွင်လည်း စစ်ကောင်စီတပ်က မုံတိုင်ပင်ကျေးရွာသို့ ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးကြဲချခဲ့ရာ ပြည်သူသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကပြောသည်။
” ရွာထဲအိမ်ပေါ်ကျတာပဲ။ သူတို့လည်း အိမ်ထဲမှာ နေတဲ့သူတွေပဲ။ တစ်ယောက်ကတော့ နည်းနည်းစိုးရိမ်ရတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ မစိုးရိမ်ရဘူး။ အောက်ပိုင်းတွေထိတာ” ဟု ၎င်းကဆက်လက်ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ သုံးရက်ကလည်းစစ်တပ် အခြေစိုက်ရာ ရေဦးမြို့၊ တိုင်းရင်းဆေးရုံမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သံသည်ရွာမှ ပေါင်းနှုတ်နေသည့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သေးသည်။