By Ra Wai / MPA
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရွှေဘုံသာပျူစောထီးရွာကို PDF ပူးပေါင်းတပ်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ မျက်မြင် နှစ်ဦးသေဆုံးပြီး လေးဦးအား အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ငါးရက်၊ နံနက် ငါးနာရီခွဲခန့်တွင် ရွှေဘုံသာပျူရွာကို PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ မြေပြင်စစ်ကူနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မသိမ်းနိုင်ခဲ့ကြောင်း ပေါက်မြို့နယ်ပကဖထံက သိရသည်။
“ ရန်သူ့ဘက်က စစ်ကူလာတဲ့ အနေအထားရော ဂျက်ဖိုက်တာနဲ့ ကြဲတာတွေရောကြောင့် သိမ်းနိုင်တဲ့ အဆင့်ထိတော့ မရောက်ခဲ့ဘူးပေါ့နော်။ ရွှေဘုံသာနဲ့ ထိစပ် စပန်ရွာထဲထိ ဝင်နိုင်ခဲ့တယ်။ ကင်းကုန်းသုံးကုန်း သိမ်းနိုင်ခဲ့တယ်” ဟု ပေါက်မြို့နယ်ပကဖတာဝန်ခံ ဦးကြီးက MPA သို့ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့် နံနက် ခုနှစ်နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် တစ်ကြိမ်နှင့် ကိုးနာရီဝန်းကျင်၌ တစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်သားတစ်ဦးနှင့် ပျူသုံးဦး အားအရှင်ဖမ်းမိကာ MA 2 သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့သည်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စပါးမျောကျေးရွာက အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ ၈၁(မမ)နဲ့ ပစ်တာ။ တစ်ယောက်က ပွဲချင်းပြီးသေတယ်။ တစ်ယောက်ကတော့ ဆေးကုသမှုခံယူနေတယ်။ သူကတော့ မစိုးရိမ်ရဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို ပေါက်-မြိုင် တပ်ပေါင်းစု၊ Seven Star၊ ပခုက္ကူခရိုင်တပ်ရင်း အမှတ် ၁၊ ၁၂၊ ၁၅၊ ၁၆၊ ၁၈၊ ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ်ဦးနှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။


