By Ra Wai / MPA
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းကို လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ပြင်းထန်ဒဏ်ရာရကြောင်းသိရသည်။
အောက်တိုဘာ ငါးရက်၊ ညနေ သုံးနာရီခန့်တွင် စစ်သားနှင့် ရဲ အထိုင်ချတပ်စွဲထားသည့် မင်းနေကုန်းရဲစခန်းကို ၆၀(မမ)လက်နက်ကြီး ငါးလုံးပစ်ခတ်ခဲ့ပြီး ဒရုန်းဖြင့် ဗုံးသီး ၁၅လုံး ကြဲချခဲ့ရာ သေဆုံးသူများလည်းရှိကြောင်း ရွှေချိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြင်းခြံက သတင်းထုတ်ပြန်သည်။
“ ပစ်မှတ်တွေကျတယ်ဗျ။ သုံးကောင် အပြင်းအထန်ဒဏ်ရာရတယ်။ သေဆုံး တော့ရှိတယ်။ မနေ့ကမိုးချုပ်တော့ ရဲစခန်းထဲ မီးရှို့သင်္ဂြိုဟ် နေတယ်။ သေဆုံး အကောင်ရေ အတိအကျမသိရသေးတာ” ဟု ရွှေချိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြင်းခြံ၏ သတင်းပြန်ကြားရေးတာဝန်ခံက MPA သို့ပြောသည်။
စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်များဖြင့် ဒရုန်းများကို လိုက်လံပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ ဆုံးရှုံးမှုမရှိပါဘူး။ ပေအမြင့်ကြီးက ပျံတာဆိုတော့ ပစ်လည်း အလကားပါပဲ” ဟု ၎င်းကဆက်လက် ပြောသည်။
ယင်းတိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်ရှစ်၊ MGN-Tiger၊ MGN-35၊ နွားထိုးကြီးမြို့နယ်-ပကဖ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ ပြည်ချစ်သားပြောက်ကျားတပ်ဖွဲ့၊ ဧရာဝတီမင်းသားပြောက်ကျားတပ်ဖွဲ့၊ Myingyan Denger Dynamite၊ AungSan’s Blood Civilians Defense Force (ABCDF)၊ မြင်းခြံခရိုင်တပ်ရင်း ကိုးနှင့် နောင်ရိုးအထူးပြောက်ကျားတပ်- NYSGF တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။


