By Ra Wai / MPA
နိုင်ငံတကာအသိုက်အဝန်းအနေနှင့် စစ်ကောင်စီပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂရင်ပြင်၌ တောင်း ဆိုလိုက်သည်။
အောက်တိုဘာလေးရက်၊ နယူးယောက်မြို့၊ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့် အစည်းအဝေးတစ်ရပ်တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့် ခွန်းပြောကြားရာ၌ ယင်းသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“နိုင်ငံတကာနဲ့ အာဆီယံအနေနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆိုတာ အာဆီယံဘုံသဘောတူညီချက်၅ရပ်နဲ့ မညီကြောင်း အသံကျယ်ကျယ်လောင်လောင်ထွက်ပေးဖို့ လိုပါမယ်။မြန်မာပြည်သူတွေကို လက်တွေ့ ကျကျ ဘာမှ မကူညီနိုင်ရင်တောင် အဲဒီလောက်တော့ အသံကျယ်ပေးသင့်တယ်” ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။
မြန်မာပြည်သူတို့အနေနှင့်လည်း စစ်တပ် ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲကို အခိုင်အမာကန့်ကွက်ကြောင်း လည်း သံအမတ်ကြီးက ဆိုသည်။
အာဏာသိမ်း စစ်တပ်က ပြင်ဆင်နေသော မည်သည့် ရွေးကောက်ပွဲမဆို လွတ်လပ်၊ မျှတ၍ အားလုံး ပါဝင်မှုရှိသော ရွေးကောက်ပွဲ ဖြစ်နိုင်မည်မဟုတ်ကြောင်း၊ စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲသည် ပြဿနာကို ဖြေရှင်းနည်း မဟုတ်ဘဲ ပဋိပက္ခများကို ပိုမို ကြာမြင့် စေပြီး တိုက်ခိုက်မှု များကိုသာ တိုးပွားစေမည်ဖြစ်ကြောင်းလည်း ဆိုသည်။
မြန်မာပြည်သူများအနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေး ကောင်စီအား မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ပေးနိုင်ရန်အတွက် ထိရောက်သည့် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန်နှင့် စစ်တပ်ထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ နှင့် ငွေကြေး စီးဆင်းမှု ရပ်တန့်ရန် အစဉ်တစိုက် တောင်းဆိုခဲ့ပြီး ဖြစ်ကြောင်းလည်း သံအမတ်ကြီးက ဆက်လက်ပြောသည်။

