By Jar Seng / MPA
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်များ စားဝတ်နေရေးအတွက် အကူညီများလိုအပ်နေပြီး အချို့သော စစ်ရှောင် မိသားစုများသည် ထမင်းပင် ပုံမှန်မစားရသည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ သံတွဲမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့မှ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများသည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဘေးလွတ်ရာ နေရာဒေသများတွင် ခိုလှုံနေကြပြီး နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများထံမှ အကူညီမရသဖြင့် အခက်အခဲဖြစ်ပေါ်နေခြင်းဖြစ်သည်။
“မှန်းခြေမရှိဘဲ ရေတပ်က ရွာကိုဝင်လာတော့၊ ကျမတို့ မှာ ခါးဝတ် ထဘီတစ်ထည်တည်းနဲ့ ပြေးလာရတာ၊ ဘာဆို ဘာမှ မပါကြဘူး။ ဆန်၊ စပါးတွေ အကုန်လုံးထားခဲ့ရတယ်။ အခုနေနေတဲ့ စစ်ဘေးရှောင်စခန်းမှာ ရွာစုံက လူတွေရှိတယ်။ အများစုက အလုပ်အကိုင်မရှိကြဘူး။ အလှူရှင်တွေလည်း မရောက်ကြဘူး။ တချို့ဆို ငတ်နေကြပြီ၊ အလှူရှင်တွေမရောက်တာ တစ်လကျော်၊ နှစ်လနီးပါး ရှိနေပြီ” ဟု စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်အမျိုးသမီးတစ်ဦးက ရင်ဖွင့်သည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် အလှူရှင်မရှိသည့်အတွက် အစားအသောက်ပင် ပုံမှန် စားသောက်ရခြင်းမရှိဘဲ အိမ်ထောင်စုအချို့သည် စားရန် ဆန်ပင်မရှိသည့်အတွက် ထမင်းမစားရသည်မှာ သုံး၊ လေးရက်ခန့်ရှိပြီ ဖြစ်သည်ဟု စစ်ဘေးရှောင်များက ဆိုသည်။
လက်ရှိ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ ရှစ်သောင်းခန့်ရှိပြီး၊ စစ်ရှောင်စခန်း ခြောက်ခုနှင့်အထက်ရှိပြီး အဆိုပါ စစ်ရှောင်စခန်းတွင် နေထိုင်သူများသည် အလုပ်အကိုင်ရှားပါးမှု၊ အလှူရှင်နည်းပါးမှုများကြောင့် ပိုမိုဒုက္ခရောက်နေရခြင်းလည်းဖြစသ်ည်။
အထက်ပါ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအနက် ပုဏ္ဏားကျွန်းမြို့နယ်မှ အောင်မြေကုန်း၊ စစ်တွေမြို့နယ် မှ တောကံ၊ ကျေးတော့ရွာမ၊ ကျေးတော့ပိုက်ဆိပ်၊ ဗျိုင်းဖြူရွာများမှ ထွက်ပြေးလာသော အိမ်ထောင်စု ၁၅၁ စု၊ လူဦးရေ ၆၃၆ ဦးတို့သည့် အရေးပေါ်စားနပ်ရိက္ခများ လိုအပ်လျက်ရှိသည်။
“ ကျတော်တို့အနေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရဲ့ လေးပုံတစ်ပုံလောက်ပဲ ကူနိုင်တယ်။ စစ်ရှောင်တွေက ဒီထက်များမယ်။ မြို့ရဲ့ ဟိုဖက်ကမ်း ဦးရာဇ်တောင်မှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေက ဖုန်းဆက်ပြီး ကျတော်တို့ဆီ အကူအညီတောင်းလာတယ်။ ကျတော်တို့လည်း အလှူရှင်ရှိသလောက် သွားကူညီပေးပါတယ်။ ဒါပေမဲ့ မလောက်ငဘူး။ စစ်ဘေးရှောင်တိုင်း အကူအညီလိုအပ်နေပါတယ်။ ဒါပေမဲ့ လောလောဆယ် စားဝတ်နေရေးဖြေရှင်းဖို့အတွက် အိမ်ထောင်စု တစ်ရာကျော်လောက် အရေးတကကြီးအကူအညီလိုအပ်နေတယ် “ ဟု ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးမှ ဥက္ကဋ္ဌ ကိုပြည့်ဖြိုးနိုင်က ပြောသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်၍ စစ်ကောင်စီသည် ရခိုင်ပြည်နယ်သို့ ကုန်စည်ပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ကို ပိတ်လိုက်သည့်အတွက် ကုန်စျေးနှုန်းများ အဆမတန်မြင့်မားခဲ့သည့်အပြင် ငွေကြေး စီးဆင်းမှုများလည်း ရပ်တန့်လု်နီးပါး ဖြစ်ပေါ်နေသည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အလုပ်အကိုင်ရှားပါးမှုနှင့် ဒေသခံများ နေအိမ်စွန့်ခွာ ထွက်ပြေးလာရမှုများကြောင့် ပြည်သူအများစုသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ခံစားနေရပြီး သေကြောင်း ကြံစည်မှုများပင်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
“ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ရက်က ပုဏ္ဏားကျွန်း-ကျောက်တော် ဟိုင်းဝေးလမ်းဘေးမှား နေကြတဲ့ စစ်ရှောင်မိသားစုထဲက လူငယ်တစ်ဦး အလုပ်အကိုင်မရှိ၊ စားဝတ်နေရေး ကျပ်တည်းလို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည် အဆုံးစီရင်ခဲ့တယ်” ဟု ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အများစုသည် တော၊ တောင်များအတွင်း ထင်ရှားဖွေကာ စားဝတ်နေရေး ဖြေရှင်းနေသော်လည်း ဝင်ငွေ၊ ထွက်ငွေ မမျှတမှုနှင့် ရောင်းသူများပြီး ဝယ်ယူမည့်သူ နည်းပါးနေခြင်းများကြောင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။
“စစ်ဘေးရှောင်အများစုက တောင်တွေကို သွားပြီး ထင်းရှာတယ်။ သူတို့တစ်နေ့ကို ရှစ်ထောင်ဝန်းကျင်လောက်ရကြမယ်ထင်တယ်။ ဒါတောင် တော်တော်လေးများတဲ့ပမာဏပါ၊ ဒီထဲမှာ သူတို့ရဲ့ သား၊ သမီးတွေ မှာ အရေးပြားရောဂါဖြစ်ရင် ပိုက်ဆံမရှိလို့ ဆေးမကုနိုင်ကြဘူး။ ကျတော်တို့က အလှူရှင်တွေပေးတဲ့ အလှူငွေနဲ့ တတ်နိုင်သလောက်သွားလှူပေးတယ်။ ဒီနေ့လည်း သွားလှူဖြစ်တယ်။ ဒါပေမဲ့ စစ်ရှောင်တွေများလို့ မလုံလောက်ကြဘူး” ဟု လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်၀ ဒေသကို AA က သိမ်းပိုက်ထားပြီး အဆိုပါ မြို့များအနက် ပုဏ္ဏားကျွန်းမြို့ကို ၂၀၂၄ခုနှစ်၊ မတ် လေးရက်တွင် သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်နှင့် အခြားသော လုံခြုံရေးများကြောင့် ဒေသခံများကို မြို့ထဲသို့ ဝင်ခွင့်မေပေးသေးကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ ခြောက်သိန်းနီးပါးရှိနေပြီး နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အလူရှင်များအနေဖြင့် လူသားချင်းစာနာမှု အကူအညီများ ပြုလုပ်ပေးရန် AAက ဩဂုတ် ၁၆ရက်တွင် ထုတ်ပြန် တောင်းဆိုထားသည်။