By Hlaing / MPA
၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်း အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၇၀၀၀ထိ မြင့်တက်ခဲ့သည့် နိုင်ငံခြားငွေလဲစျေးနှုန်းနှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၈၁သိန်းကျော်ထိ မြင့်တက်ခဲ့မှုသည် လက်ရှိအချိန်တွင် ပြန်လည်ကျဆင်းနေသော်လည်း အခြေခံစားသောက်ကုန်စျေးနှုန်းများ မြင့်တက်နေဆဲဖြစ်ကြောင်း ကုန်စိမ်းသည်များနှင့် အိမ်ရှင်မများထံမှ စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ မြင့်တက်ခဲ့သည့် ရွှေစျေးနှင့် ဒေါ်လာစျေးများသည် စက်တင်ဘာ တစ်ရက်မှ စတင်ကာ တဖြည်းဖြည့်း ပြန်လည်ကျဆင်းလာပြီး အောက်တိုဘာ သုံးရက်တွင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၄၄၀၀ နှင့် အခေါက်ရွှေတစ်ကျပ်သား ၆၂သိန်းထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ရွှေနှင့် နိုင်ငံခြားငွေစျေးနှုန်းများ သိသိသာသာ ပြန်လည်ကျဆင်းလာသော်လည်း အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် မီးဖိုချောင်သုံး ကုန်စိမ်းစျေးနှုန်းများမှာ မြင့်မားနေဆဲဖြစ်သည်။
“ ဒေါ်လာစျေး၊ ရွှေစျေးတွေ ကျနေလည်း ကုန်စိမ်းစျေးကတော့ တက်နေတုန်းပဲ၊ ပွဲရုံတွေ၊ ဆိုင်တွေပြောတော့ အရင်က ငွေအတက်စျေးမိထားလို့ အခု စျေးလျော့ပြီး ရောင်းရင် တွက်ခြေမကိုက်လို့ပါတဲ့၊ အောက်ခြေလူတန်းစားတွေကတော့ ခံရတဲ့ဘက်ကချည်းပဲ” ဟု မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် မမွန်က MPA သို့ ပြောသည်။
လက်ရှိ စျေးကွက်အတွင်း၌ ကြက်သွန်နီတစ်ပိသာ ၇၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ဗမာဥ) တစ်ပိသာ ၂၀၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၇၀၀ ကျပ်၊ ဘဲဥတစ်လုံး ၆၅၀ ကျပ်၊ ခရမ်းချဥ်သီးတစ်ပိသာ ၅၅၀၀ ကျပ်၊ ပန်းမုန်လာတစ်ပွင့်လျှင် ၅၀၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၆၀၀၀ ကျပ်၊ ခရမ်းသီးတစ်ပိဿာ ၆၀၀၀ ကျပ်၊ ဗိုလ်စားပဲတစ်ပိသာ ၁၂၀၀၀ ကျပ် ငရုတ်သီးစိမ်း နို့ဆီးဘူးတစ်ဘူး ၂၅၀၀ ကျပ် နှင့် စားအုန်းဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ်ထိ ပေါက်စျေးရှိနေသည်။
ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လက်ရှိအခိန်ထိ မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်အများအပြားတွင် ရေကြီးရေလျှံခဲ့မှုကြောင့် သီးနှံများ ရေနစ်မြုပ်ပျက်စီးခြင်း၊ ပြန်လည်စိုက်ပျိုး၍ မရသေးခြင်းများကြောင့် ကုန်စိမ်းစျေးနှုန်းများ ဆက်လက်မြင့်တက်နိုင်ကြောင်း သာစည်မြို့နယ်မှ ကုန်စိမ်းကုန်သည်တစ်ဦးက ဆိုသည်။
” မြစ်သားဘက်မှာဆိုရင် ဂိုဒေါင်ထဲက ကြက်သွန်တွေရေမြုပ်ကုန်တာ၊ အခုလည်းကျောက်ဆည်၊ မြစ်သား၊ ဝမ်းတွင်းနယ်တကြောက ရေထပ်ကြီးမယ်ဆိုတာကြောင့် ကုန်စျေးနှုန်းတွေက ကျဖို့မရှိသေးဘူး။ ရေမကြီးတဲ့ ဒေသတွေမှာတော့ ကြက်သွန်ကုန်အသစ်တွေ ဝင်ပေမဲ့ အလုပ်မတွင်သေးဘူး။ တက်စျေးလည်းမိထားကြတော့ ကျစျေးနဲ့ မရောင်းကြတာလည်း ပါတာပေါ့ “ ဟု ၎င်းက ဆိုသည်။
ထို့ပြင် ဆန်စျေးကွက်၌ ဆန်ချော ဧရာမင်းထူးရှယ်၊ မနောထူးရှယ် ၂၄ ပြည် တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်၊ ကျားပျံထူးရှယ် ၁၄၈၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၉၀၀၀၀ ကျပ်နှင့် ရက် ၉၀၊ ဆင်းသုခ၊ မနောသုခ၊ အညာသား၊ ဆင်းသွယ်၊ ဇီယာရှယ် ဆန်စများမှာ ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ နှင့် ကျပ် ၁၀၀၀၀၀ ဝန်းကျင်ရှိနေသည်။
“ ဆန်ဈေးက လက်ရှိပေါက်စျေးထက် ပိုတက်နိုင်တယ်။ ရေဘေးကြောင့် စပါးတွေ ပျက်တာလေ။ မိတ္ထီလာ၊ ဝမ်းတွင်း၊ ကျောက်ဆည်၊ နေပြည်တော် ခရိုင်လိုက်ကို စပါးပျက်တာ၊ မိုးကြိုစပါးအသစ် ရိတ်တုန်းက တစ်တင်းကို ကျပ် ၁၆၀၀၀ကနေ စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်းမှာ ၂၆၀၀၀ အထက်ရောက်သွားတယ်။ တောင်သူတွေ နာတာပေါ့၊ မိုးတွင်းစိုက်တဲ့ စပါးက ပျက်တော့ အဲ့ဒါလည်း အရှုံး၊ ဒီနှစ်က တောင်သူတွေပါ ဆန်ပြန်ဝယ်စားရမဲ့နှစ်” ဟု ဝမ်းတွင်းမြို့နယ်မှ စပါးစိုက်တောင်သူအမျိုးသမီးတစ်ဦးက ဆိုသည်။
သို့သော်၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃ ရက်အထိ ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်စျေးနှုန်းအရ ကြက်သွန်နီတစ်ပိဿာ ၂၇၀၀ ကျပ်ဝန်းကျင်၊ ကြက်သွန်ဖြူ (ကြူကုတ် (ရှယ်) ) ၁၆၀၀၀ ကျပ်၊ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာ ၈၀၀၀ မှ ၁၃၀၀၀ ကျပ်၊ မိုးထောင်ငရုတ် တစ်ပိဿာ ၁၀၀၀၀ ကျပ် အထိရှိနေသော်လည်း၊ ပြင်ပစျေးနှုန်းများနှင့် နှိုင်းယှဥ်ပါက စျေးနှုန်းကွာဟမှုများ ရှိနေသည်။
ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ အောင်ပန်း၊ ညောင်ရွှေ၊ အင်းလေးနှင့် ကလောမြို့တို့တွင်လည်း စိုက်ခင်းသီးနှံများရေကြီးနစ်မြုပ်မှုဒဏ် တွေ့ကြုံနေရကာ မုန်ညှင်းတစ်ပိဿာ ၆၀၀၀ ကျပ်၊ ကုလားအော်သီးစိမ်း တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ အာလူးတစ်ပိဿာ ၆၀၀၀ ကျပ် ဝန်းကျင်ထိ ကုန်စိမ်းစျေးနှုန်းများ ၁၀၀၀ ကျပ်ခန့်ဆီ မြင့်တက်လာကြောင်း ဒေသခံများက ဆိုသည်။
ထိုကဲ့သို့ မီးဖိုချောင်သုံးပစ္စည်းများသာမက အသင့်စား စားသောက်ကုန်များတွင်ပါဝင်သည့် လက်ဘက်ရည်တစ်ခွက်လျှင် ပါဆယ်သေး ၈၀၀ ကျပ်နှင့် ပါဆယ်ကြီး ၁၂၀၀ ကျပ်၊ အီကြာကွေးတစ်ချောင်းလျှင် ၁၀၀၀ ကျပ်၊ စမူဆာတစ်ခုလျှင် ၁၀၀၀ ကျပ်၊ ရိုးရိုးအသုပ်တစ်ပွဲလျှင် ၈၀၀ ကျပ်နှင့် အကြော်တစ်ခု ၅၀၀ ကျပ်အထိ ရှိနေကြောင်း မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ပြင် ကုန်စည်စျေးနှုန်းများ မြင့်တက်နေသည့်အတွက် ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်ငယ်လေးများအနေဖြင့် ရင်းနှီးရသည့် ငွေကြေးပမာဏများပြားလာသော်လည်း အမြတ်ငွေနည်းပါးလာသည့် အခြေအနေများနှင့် တွေ့ကြုံနေကြရသည်။
“ အာဏာမသိမ်းခင်ကဆို ငွေငါးသောင်းပါရင် စျေးခြင်းတောင်းအပြည့်ဝယ်လို့ရတယ်။ အခုက နှစ်သိန်းပါရင်တောင်မှ မလောက်ဘူး။ ကျမတို့ ရပ်ကွက်ထဲမှာဆို ဆန်ကို ပြည်ကောက်တောင်မှ မစားနိုင်တော့တဲ့ဘဝတွေ ရောက်ကုန်ကြပြီ၊ ဆန်တစ်ဗူးကို ၆၀၀ တန်လေး ဝယ်စားနေကြရတာ” ဟု တောင်သာမြို့နယ်မှ ကုန်စုံဆိုင်ငယ်လေးဖွင့်ထားသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
မြင့်တက်နေသည့် အခြေခံစားသောက်ကုန်စျေးနှုန်းများ ထိန်းချုပ်နိုင်ရန်ဟုဆိုကာ စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဇွန် ၂၇ ရက်တွင် ပြည်ထောင်စု ကုန်စျေးနှုန်းတည်ငြိမ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သော်လည်း လက်ရှိအချိန်ထိ ကုန်စျေးနှုန်းကို ထိန်းချုပ်နိုင်ခြင်းမရှိသည့်အပြင် နေ့စဥ် မြင့်တက်လျက် ရှိနေသည်။