By Zwe Ko / MPA
ပဲခူးတိုင်း၊ တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက် အနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပေါ်နေကြောင်း ပရဟိတ အသင်းများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ သုံးရက်မှ စတင်ကာ စစ်တောင်းမြစ်ရေထပ်မံမြင့်တက်လာပြီးနောက် တောင်ငူမြို့ဒေသခံများ ရေကြီးရေလျှံမှုကို လေးကြိမ်မြောက် ရင်ဆိုင်နေရခြင်းလည်းဖြစ်သည်။
ထိုကဲ့သို့ မြစ်ရေမြင့်တက်မှုကြောင်း စစ်တောင်းမြစ်ကမ်းဘေးရှိ အုတ်ကျွတ်တန်း မြစ်ကြီးပေါက်၊ ကြက်လျှာစွန်း၊အလယ်ကျွန်း၊ ရှမ်းဝတီး စသည့်ကျေးရွာ ၁၀ရွာထက်မနည်းနှင့် မြို့ပေါ် ၁၀ရပ်ကွက်နေ ပြည်သူများ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ရန် တိုက်တွန်းထားကြောင်း တောင်ငူမြို့ရှိ ပရဟိတ အသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ပရဟိတ အသင်းတွေလည်း ချိတ်ဆက်ပြီး ရွှေ့ပြောင်းပေးနေပါတယ်။ ပြည်သူတွေကိုလည်း ပြောင်းရွေ့ဖို့ တိုက်တွန်းထားပါတယ်။ အရင်ရေကြီးတာလောက် မစိုးပေမဲ့ အနိမ့်ပိုင်းတွေမှာတော့ လူတစ်ရပ်လောက် မြုပ်နေပြီ၊ မြို့ပေါ်မှာစစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်အထက် နှစ်လက်မခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း တစ်လက်မခန့် ပြန်လည် ကျဆင်းနိုင်ကြောင်း အောက်တိုဘာ လေးရက် နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
“ ခြောက်ရက်နေ့လောက်ထိပဲ ရေကြီးနိုင်တယ်။ အဲ့ဒီနောက်ပိုင်းတော့ ပြန်ကျမယ်လို့ထင်တယ်။ ပြီးခဲ့တဲ့ ရေကြီးရေလျှံမှုတုန်းက ဆုံးရှုံးမှုတွေများထားတော့ အားလုံးလန့်နေကြတယ်။ ပြောင်းရွှေ့ဖို့တွေတော့လုပ်နေရကြပြီ” ဟု ရေဘေးကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တောင်ငူမြို့နယ်၌ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းကြောင့် တစ်မြို့လုံးနီးပါး ရေဘေးသင့်ခဲ့ပြီး အိုးအိမ်၊ လယ်ယာစိုက်ခင်းများ ပျက်စီးခဲ့သည့်အပြင် လူသေဆုံးမှုများလည်းရှိခဲ့ကြောင်း အသက် ၄၀အရွယ် တောင်ငူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ အခုကတော့ အရင်လိုမျိုးထပ်မဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ရေစတက်ကတည်းက ပြည်သူတွေလဲ ပြောင်းရွှေ့မှုတွေလုပ်နေတယ်။ ပရဟိတအသင်းတွေသွား ခေါ်ရတာတွေလည်းရှိပါတယ်။ အခု လူဦးရေ ၇၀၀ ကျော်လောက်အတွက် TTC ကျောင်းဟောင်းနဲ့ ပေါ်တော်မူဘုရားမှာ ကယ်ဆယ်ရေးစခန်းနှစ်ခုဖွင့်ထားတယ် ” ဟု ၎င်းက ပြောသည်။
စက်တင်ဘာလအတွင်း တောင်ငူမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးစခန်းများ၌ နေထိုင်ရသည့် ရေဘေးသင့်ပြည်သူများကို အောက်တိုဘာ ၂၅ရက်နေ့ နောက်ဆုံးထားပြီး နေရပ်ပြန်ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း တောင်ငူမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။
“သူတို့(စစ်ကောင်စီ)အကြောင်းပြတာကတော့ ကယ်ဆယ်ရေးစခန်းတွေဖွင့်ထားတဲ့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေက ပြန်ဖွင့်ရမယ်။ ဘုန်ကြီးကျောင်းတွေမှာလည်း ပွဲတော်တွေလုပ်ရမှာမလို့ ရေဘေးဒုက္ခရောက်နေတဲ့ သူတွေကို အတင်းပြန်ခိုင်းတာ၊ တချို့က မပြန်ချင်ကြသေးဘူး။ နေဖို့ အိမ်တွေမှမရှိတော့တာ၊ အဓိကပြန်လွှတ်တဲ့ အကြောင်းကတော့ သန်းခေါင်စာရင်းကောက်ဖို့ပါ၊ အခုလည်းကောက်နေတာပါပဲ ”ဟု ၎င်းက ရှင်းပြသည်။
၂၀၂၄ခုနှစ်အတွင်း တောင်ငူမြို့တွင် ရေကြီးရေလျှံမှု လေးကြိမ်ထပ်မနည်းဖြစ်ပွားခဲ့ပြီး ပြည်သူ ၁၀ဦးထက်မနည်း သေဆုံးခဲ့ရသည့်အပြင် သီးနှံစိုက်ခင်းဧက သောင်းနှင့်ချီ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ပြိုခြင်း၊ မြေပြိုခြင်းနှင့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၄၃၆ ဦးရှိခဲ့ပြီး ရေစီးနှင့် မျောပါပျောက်ဆုံးနေသူ ၆၆ဦးနှင့် တိရစ္ဆာန် ၁၈၀၀၀၀ ကျော်သေဆုံးခဲ့သည့်အပြင် လယ်ယာစိုက်ခင်း ဧက ကိုးသိန်းနီးပါး ပျက်စီးခဲ့ကြောင်း စစ်ကောင်စီက အောက်တိုဘာ တစ်ရက်နေ့တွင် ထုတ်ပြန်ထားသည်။