By Ko Paing / MPA
ကျားဘီလူးစစ်ကြောင်းတစ်ခုလုံး ပြုတ်လုနီးပါး တိုက်ခိုက်ခံခဲ့ရသည့် ဘုတလင်မြို့နယ်ကို ရှုံးမဲမဲရန် စစ်ကောင်စီ ကြံစည်နေကြောင်း သိရသည်။
ခြေမြန်တပ်ရင်း ၁၀၆ မှဗိုလ်မှူးကျော်တင့်ဦးဆောင်သည့် ကျားဘီလူးစစ်ကြောင်း တစ်ကြောင်းလုံး ပြုတ်လုနီးပါးတိုက်ခိုက်ခံရမှုကြောင့် မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဘုတလင်မြို့ပေါ်တွင်တပ်စွဲထားသည့် စစ်သားများနှင့်ဒီပဲယင်းမြို့နယ်တို့မှစစ်သားများ ပူးပေါင်းကာ ဘုတလင်မြို့သို့ ပြန်လည်စစ်ကြောင်းထိုးရန် ကြံစည်နေကြောင်း Budalin Mobile Team-BMT မှ နာယကနှင့်ဘဏ္ဏာရေးတာဝန်ခံ ဆရာဇော် က ပြောသည်။
“ကျနော်တို့သတင်းကြားရတာတော့ ဘုတလင်တစ်နယ်လုံးကို စစ်ကြောင်းထိုးမယ်လို့ ကြားပါတယ်။အဓိကတော့ နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်)နဲ့ ဘုတလင်မြို့ပေါ်က စစ်သားတွေလို့တော့ကြားပါတယ်။ဒီပဲယင်းဘက်ကနေ စစ်ကြောင်းထိုးမယ်ဆိုတောင် မစိုးရိမ်ရပါဘူး။ဘုတလင်နဲ့နီးတဲ့ စိုင်ပြင် ကတောင် သူတို့ (စစ်သား) တွေ မထွက်ရဲကြပါဘူး” ဟု ၎င်း က MPAသို့ပြောသည်။
စက်တင်ဘာ၃၀ရက်တွင် ဘုတလင်မြို့နယ်၊ကူတော်ရဲစခန်းမှ ပြန်လာသည့် အင်အား ၁၀၀ ဝန်းကျင်ပါ ကျားဘီလူးစစ်ကြောင်းကို စီပါရွာအနောက်တောင်ဘက်၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃၃ ဦး သေဆုံး(အလောင်းရ)ပြီး ဗိုလ်ကြီး နှစ်ဦးအပါအဝင် စစ်သား ၄၃ ဦး တို့ လက်နက်ချအညံ့ခံသဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနမှ ယနေ့ (အောက်တိုဘာသုံးရက်) သတင်းထုတ်ပြန်သည်။
ယင်းတိုက်ပွဲအတွင်း စစ်သား ခုနှစ် ဦးသည် ဘုတလင်မြို့ဘက်သို့ ထွက်ပြေးသွားရာ လိုက်လံပစ်ခတ်သော်လည်း ဖမ်းမမိခဲ့ကြောင်းသိရသည်။
“လက်နက်ချတွေကလည်းများတော့ ဘယ်နေရာမှာ ကိုယ့်ရဲဘော်တွေရှိတယ်ဆိုတာလည်း မသိရ၊အလုပ်တွေကလည်းရှုပ်နေတော့ လွတ်သွားတာပါ။ဒါပေမဲ့လည်း ဒီပွဲမှာ တပ်ပေါင်းစုရဲ့အားကို ပြနိုင်ခဲ့တယ်။အဓိက စိတ်ဓာတ်ပိုင်းဆိုင်ရာ ” ဟု ၎င်းကဆိုသည်။
ယင်းတိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၅၆လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
အောက်တိုဘာနှစ်ရက်၊ မွန်းလွဲ နှစ်နာရီကျော်တွင် စစ်ကောင်စီတပ်က ဘုတလင်မြို့နယ် မောင်းထောင်ရွာကို လေယာဥ် သုံးစင်းဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း၊ဓမ္မာရုံနှင့်ဆေးပေးခန်းတို့ ပျက်စီးသွားပြီး ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို ULF စစ်ကြောင်းက ဦးဆောင်ကာ SAF(ကျောင်းသားလက်ရုံးတပ်တော်)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင် တပ်ရင်း-၂၀၊ ဘုတလင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဘုတလင်-ပကဖ) နှင့် ဘုတလင်မိုဘိုင်း တပ်ဖွဲ့များက ချေမှုန်းရေးအဖွဲ့များအဖြစ်ပါဝင်ခဲ့ပြီး Chindwin Galone Yarzar၊ B 21 PDF၊ ကနီ ပကဖ၊ ဗျူဟာ ၄၇၊ Chindwin Brother၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗိုလ်ဆံရှည်၊ အမိမြေ Drone တပ်ဖွဲ့တို့မှ ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။