By Maung Dagon / MPA
ရန်ကုန်မြို့ရှိ ဟိုတယ်နှင့် တည်ခိုးချန်းများ၌ အခန်းဌားခနှုန်းထားများသည် ယခင်နှစ် ကာလတူထက် နှစ်ဆနီးပါး မြင့်တက်ခဲ့ကြောင်း ဒေခသံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၃ခုနှစ်က ရန်ကုန်မြို့၌ သာမန်ပြည်သူများ ငှားရမ်းမှု အများဆုံးဖြစ်သည့် ဟိုတယ်နှင့် တည်းခိုခန်း အခန်းငှားခများသည် အနည်းဆုံး ကျပ် ၁၈၀၀၀မှ အများဆုံး ကျပ် ၈၀၀၀၀ ဝန်းကျင်သာရှိခဲ့သည်။
သို့သော် ၂၀၂၄ခုနှစ်အတွင်း အဆိုပါ ဟိုတယ်နှင့် တည်းခိုခန်းများသည် အခန်းငှားရမ်းခများကို နှစ်ဆနီးပါး တိုးမြှင့် ကောက်ခံလာခြင်းဖြစ်သည်။
” အရင်က သောင်းရှစ်ထောင် အခန်းက အခု သုံးသောင်းခွဲ လောက်ဖြစ်လာတယ်။ နည်းနည်းကောင်းတဲ့ ဟိုတယ်တွေဆို အခန်းခက သုံးသောင်းရှစ်ထောင်လောက်ကနေ ခြောက်သောင်းကျော်လောက် ဖြစ်သွားတယ်။ ကြယ်သုံးပွင့်အဆင့်လောက်ဆို မနှစ်က ရှစ်သောင်းကနေ အခု တစ်သိန်းခွဲနီးပါး တောင်းလာတယ်” ဟု ချင်းပြည်နယ်မှ ရန်ကုန်မြို့သို့ လုပ်ငန်းကိစ္စဖြင့် လာရောက်လေ့ရှိသူ တစ်ဦးက ပြောသည်။
ထိုသို့ ဟိုတယ်၊ တည်းခိုခန်း ငှားရမ်းခနှုန်းထးများ မြင့်တက်မှုသည် အချိန်ပိုင်း ငှားရမ်းခထက် ညအိပ်ငှားရမ်းခများ သည် စျေးနှုန်း တစ်ဆခွဲနီးပါး မြင့်တက်လာကြောင်းသိရသည်။
ယခုကဲ့သို့ ငှားရမ်းခများ မြင့်တက်လာမှုကြောင့် အလုပ်ကိစ္စဖြင့် နယ်မှ ရန်ကုန်သို့ လာသူများအနေဖြင့် တစ်ညတာ အိပ်စက်နိုင်ရန် နေရာအတွက်ပင် ခက်ခဲနေကြောင်းလည်း သိရသည်။
” ညအိပ်ဆို သုံးသောင်းခွဲ အခန်းက ငါးသောင်း ကျပါတယ်။ ဟိုတယ်ကြီးတွေဆို အချိန်ပိုင်းက ငါးသောင်းဆို ညအိပ်က ခုနှစ်သောင်းကျော်ထိ ဖြစ်လာတယ်” ဟု အသက် သုံးဆယ်ကျော်အရွယ် ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။
ထိုကဲ့သို့ အခန်းငှားခများတိုးမြှင့်ရခြင်းသည် ဒေါ်လာစျေးနှုန်းနှင့် ကုန်စျေးနှုန်း ကြီးမြင့်လာမှုကြောင့် အထွေထွေ ကုန်ကျစရိတ်များ များလာသည့်အတွက် တိုးမြှင့်ရခြင်းဖြစ်သည်ဟု ဟိုတယ်ဝန်ထမ်းများက ဆိုသည်။
” ကျတော်တို့ မီးကိုလည်း အမြဲပေးထားရတော့ မီးစက် ဆီဖိုးတင် မနည်းဘူး။ ကုန်စျေးနှုန်းတွေကလည်း တက်တယ်။ အဲ့ဒါတွေကြောင့်ပါ” ဟု ဗဟန်းမြို့နယ်ရှိ ဟိုတယ်တစ်ခုမှ ၀န်ထမ်းတစ်ဦးက ပြောသည်။
ရန်ကုန်မြို့၌ ကြယ်သုံးပွင့်အောက် ဟိုတယ်နှင့် တည်းခိုခန်းများသည် အချိန်ပိုင်း အခန်း ငှားရမ်းမှုများမှ ၀င်ငွေအများဆုံး ရသည်ဟု သိရပြီး အခန်းခများ စျေးနှုန်းကြီးမြင့်လာခြင်းကြောင့် လူ၀င်နည်းခြင်းကို ကြုံနေရသဖြင့် အခက်အခဲ ဖြစ်နေသည်ဟု သိရသည်။
” အရင်ကဆို ပိတ်ရက်တွေဆို တန်းစီ စောင့်ရတဲ့ထိ လူ၀င်တယ်။ အခုက လူ၀င်ဖို့ မျှော်နေရတယ်” ဟု တာမွေမြို့နယ်ရှိ ဟိုတယ်တစ်ခုမှ ဧည့်ကြို၀န်ထမ်းတစ်ဦးက ပြောသည်။
သို့သော် ညလုံးပေါက်ဖွင့်သည့် နာမည်ကြီး Bar များ အနီးတစ်၀ိုက်မှ ဟိုတယ်များတွင်မူ ညအိပ် လာရောက် တည်းခိုသူများ နေ့စဥ်ပုံမှန် ရှိပြီး Bar များမှ ပြန်လာသည့် လူချမ်းသာ လူငယ်များ အများဆုံး လာရောက် တည်းခိုကြသည်ဟု သိရသည်။
ရန်ကုန်မြို့ရှိ ဟိုတယ်နှင့် တည်းခိုးခန်းအချို့သည် မူးယစ်ဆေးဝါး၊ တရားမ၀င် ပြည့်တန်ဆာ၀န်ဆောင်မှု လုပ်ငန်းများနှင့်လည်း ပူးပေါင်းလုပ်ကိုင်ကြပြီး အဆိုပါ နေရာများတွင်မူ ညအိပ်တည်းခိုသူများ အချိန်ပိုင်းတည်းခိုသူများမှာ အခန်းခ စျေးနှုန်းတိုးလာသော်လည်း သိသာစွာ လူအ၀င်မလျော့သွားဟု သိရသည်။