By Ra Wai / MPA
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူခြင်းကို လက်နက်ကိုင်များအ ပါအဝင် လူအင်အားအများအပြားဖြင့် ခြိမ်းခြောက်လုပ်ဆောင်နေကြောင်း သိရသည်။
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာ တစ်ရက်မှစတင်ကာ လဝက၊ ထွေအုပ်ရပ်ကျေးစာရေး၊အုပ်ကြီး၊ရာအိမ်မှူး ၊ကျောင်းဆရာ၊ဆရာမ၊ စစ်သား၊ရဲနှင့်ပြည်သူ့စစ် စုစုပေါင်းအင်အား ၁၀၀ကျော်ဖြင့် ချောင်းဆုံမြို့အရှေ့ပိုင်းရပ်ကွက်အတွင်း စတင်ပြုလုပ်ခြင်းဖြစ်ကြောင်း ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူထံက သိရသည်။
“လမ်းတစ်လမ်းဝင်ပြီဆိုရင် လမ်းဟိုဘက်ထိပ် ဒီဘက်ထိပ်မှာ လက်နက်ကိုင်ရဲနဲ့ ပြည်သူ့စစ်တို့က ပိတ်လိုက်ပြီးမှ အဲလမ်းထဲဝင်တယ်။အိမ်တစ်အိမ်ထဲ ဝင်ပြီဆိုရင်လည်း အဲဒီအိမ်ရဲ့ ခြံရှေ့ကို ရဲနဲ့ပြည် သူ့စစ်က ပိတ်လိုက်ပြီးမှ ကျန်တဲ့ လဝက တို့ဘာတို့က အိမ်ထဲဝင်တာ။ အင်အားများများနဲ့ ခြိမ်း ခြောက်ပြီး စာရင်းကောက်တာပဲ” ဟု ၎င်းက MPAသို့ ပြောသည်။
လက်နက်ကိုင်များပါဝင်သော လူအင်အားအများအပြားဖြင့် သန်းခေါင်စာရင်းကောက်ခြင်းကြောင့် သက်ကြီးရွယ်အိုများမှာ အထိတ်တလန့်ဖြစ်ကြရကြောင်း ချောင်းဆုံအရှေ့ပိုင်း၊ဘုရားကြီးကုန်းနေ ပြည်သူတစ်ဦးက ပြောသည်။
“သန်းခေါင်စာရင်းအတွက် အဓိကမေးတာက အိမ်မှာ လတ်တလောမရှိနေတဲ့ မိသားစုဝင်တွေ ဘယ် သွားလဲ၊ဘယ်မှာ ဘာအလုပ်လုပ်နေလဲ၊ဝင်ငွေ ဘယ်လောက်ရလဲ။အဲဒါတွေကို ပုလိပ်စစ်သလို စစ်မေးကြတာ” ဟု ၎င်းက ပြောသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ လူငယ်များမှာ ထိုင်းနှင့် မလေးရှားတွင် အလုပ်လုပ်ကိုင်နေကြသူ များပြီး ၎င်းတို့အကြောင်း အဓိကစစ်မေးကြောင်းလည်း သိရသည်။
“ဥပမာ-ကိုယ့်အိမ်က တစ်ယောက်ယောက် ထိုင်းမှာ အလုပ်လုပ်နေတယ်ဆို၊ ထိုင်းက ဘယ်မြို့မှာလုပ်တာလဲ၊ဘာအလုပ်လုပ်လဲ။ဘယ်တုန်းက ထိုင်းသွားတာလဲ။ဘယ်လိုလမ်းကြောင်းနဲ့ သွားသလဲပေါ့။အဲဒါတွေမေးတော့ ပြည်သူတွေလည်း ကြောက်ကြတယ်” ဟု ၎င်းက ဆက်လက်ပြော သည်။
သန်းခေါင်စာရင်းကောက်ယူသူတို့၏ လုံခြုံရေးကို ရဲနှင့်ပြည်သူ့စစ်တို့က အဓိကတာဝန်ယူကြပြီး စစ် သားများမှာ ကြီးကြပ်သည့်ပုံစံဖြင့် လိုက်ပါလာခြင်းဖြစ်သည်။
ယနေ့(အောက်တိုဘာနှစ်ရက်)တွင် ချောင်းဆုံအနောက်ပိုင်းရပ်ကွက်အတွင်း သန်းခေါင်စာရင်း ကောက်နေကြောင်း ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူက ပြောသည်။
လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ခြင်းကို စစ်ကောင်စီယန္တရားလည်ပတ်နေ သောနေရာများ၌ အောက်တိုဘာတစ်ရက်မှ ၁၅ရက်အထိ ကောက်ခံလျက်ရှိသည်။