By Ko Paing / MPA
ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ရာဂီမုန်တိုင်းကာလအတွင်း မြစ်ရေတက်မှုကြောင့် စိုက်ပျိုးထားသော စပါးများပျက်စီးခဲ့သဖြင့် လာမည့်နှစ်မိုးစပါးရာသီအတွက် ဒေသမျိုးရင်း မျိုးစပါးများ လိုအပ်နေကြောင်းသိရသည်။
စက်တင်ဘာလအတွင်း ဖြူးမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခဲ့ပြီး စစ်တောင်းမြစ်ကမ်းဘေးရှိ ကျေးရွာများသို့ လေးပေမှ ခြောက်ပေခန့်အထိ ရေတက်ခဲ့ရာ နေအိမ်များ ပျက်စီးမျောပါမှု မရှိသော်လည်း ကျေးရွာ ၅၉ ရွာက ရိတ်သိမ်းခါနီး စပါးစိုက်ဧက ၄၂၀၀၀ ခန့်ပျက်စီးခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။
“အဓိကတော့ ပြန်လည်ထူထောင်ရေးအတွက် ဖြူးမြို့နယ်မှ မဟုတ်ပါဘူး။ရေမြုပ်ဧရိယာအားလုံးအတွက် ထူထောင်ရေးကိစ္စမှာ လူထုအကူအညီ၊နိုင်ငံတကာ အကူအညီတွေ အများကြီးလိုအပ်ပါတယ်။လာမယ့် မိုးရာသီစပါးအတွက် ဖြူးမြို့နယ်မှာ ဒေသမျိုးရင်းတွေဖြစ်တဲ့ ဗျော့ထွန်း၊ဆင်းသုခ တို့လိုမျိုးစပါးတွေလိုအပ်နေပါတယ်” ဟု၂၀၂၀ရွေး ကောက်ခံ ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အေးဝင်း ကMPA ကိုပြောသည်။
ထို့အပြင် မြစ်ရေထိန်း တာတမံ နှစ်ခု ကျိုးပေါက်ခဲ့ပြီး ကျေးရွာချင်းဆက် တံတား လေး စင်းပျက်းစီးခဲ့ကြောင်း၊မုန်တိုင်းကာလအတွင်း အရပ်သား နှစ်ဦး ရေနစ်သေဆုံးကာ တစ် ဦးမိုးကြိုးထိမှန်၍ သေဆုံးခဲ့ကြောင်းလည်းသိရသည်။
“အဓိကတော့ စစ်တောင်းမြစ်ဝှမ်းဒေသတွေရဲ့ ရေဘေးသင့်မြို့နယ်တွေမှာ ပြင်ပ က လူမှုကူညီရေးလုပ်ဆောင်ပေးတဲ့ သူတွေကို စစ်ကောင်စီက ပိတ်ပင်ထားတာမျိုးတွေရှိပါတယ်။ဖြူးမြို့နယ်မှ မဟုတ်ပါဘူး။အခြားသော PDF စိုးမိုးနယ်မြေတွေမှာပါ။ စစ်ကောင်စီက လူမှုကူညီရေးအသင်းတွေကို ပေးမလွှတ်တာမျိုးတွေရှိပါတယ်” ဟုတောင်ပိုင်းစစ်ဒေသ၊အမှတ်နှစ် စစ်ဒေသခွဲမှ ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်း ကဆိုသည်။
စစ်ကောင်စီတပ်သည် ဖြူးမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ရာနယ်မြေများကို အကူအညီမပေးသည့် အပြင် လာရောက်ကူညီသူများကိုလည်း ပိတ်ပင်တားဆီးနေကြောင်းသိရသည်။