By Ra Wai / MPA
တရားမဝင်အာဏာသိမ်းစစ်တပ်ထံသို့ လေယာဉ်ဆီအပါအဝင် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း များ လွှဲပြောင်းမှု မပြုကြရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးကို သံအမတ်ကြီးဦးကျော်မိုးထွန်း က ထပ်လောင်း တောင်းဆိုလိုက်သည်။
စက်တင်ဘာ၂၆ရက်၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသောကုလသမဂ္ဂ အထွေထွေညီလာခံ၏ အပြည်ပြည်ဆိုင်ရာ နျူးကလီးယား လက်နက် အလုံးစုံ ဖျက်သိမ်းရေးနေ့ အထိမ်းအမှတ် High-level မျက်နှာစုံအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲရုံးက ယနေ့(အောက်တိုဘာတစ်ရက်) သတင်းထုတ်ပြန်သည်။
“သံအမတ်ကြီးက စစ်တပ်ကို လက်နက်တွေမရောင်းဖို့ ကုလစင်မြင့်ထက်ကနေ အကြိမ်ကြိမ်တောင်း ဆိုခဲ့တယ်။အဲဒီလို တောင်းဆိုနေတဲ့ကြားကပဲ ကျတော်တို့ရဲ့ အိမ်နီးချင်းတရုတ်ဆီကနေ စစ်တပ်က တိုက်ခိုက်ရေးလေယာဉ်သစ်ခြောက်စင်းရထားတယ်ဆိုတဲ့သတင်းကလည်း မြန်မာ့မီဒီယာပလက် ဖောင်း ပေါ်တက်နေတာ ပူပူနွေးနွေးပဲ ရှိသေးတယ်။ပြောရရင် နိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့ တရုတ်ရဲ့ ကျင့်ဝတ်ကင်းမဲ့မှုကို ဖော်ပြနေတယ်” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက ပြော သည်။
မြန်မာပြည်သူများသည် စစ်တပ်၏ အာဏာသိမ်းယူမှု ခံရပြီးနောက် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်းနှင့် လေကြောင်းသုံးတိုက်ခိုက်ခြင်းတို့ကို ခံစားနေကြရကြောင်း သံအမတ် ကြီး ကဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ပိုင်ဆိုင်ခြင်းမရှိသည့် နိုင်ငံများအပေါ် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံများ၏ မည်သည့်ပုံစံဖြင့် ခြိမ်းခြောက်မှုမျိုးမဆို ရှုတ်ချကြောင်းနှင့် နျူကလီးယားလက်နက်အလုံးစုံ ဖျက်သိမ်းရေးဆိုင်ရာ ကတိကဝတ်များကို အပြည့်အဝလိုက်နာမည်ဟု ထပ်လောင်းအတည်ပြု ကြောင်းလည်း သံအမတ်ကြီးက ပြောသည်။
တရုတ်နိုင်ငံမှ မှာယူထားသည့် အပေါ့စားတိုက်ခိုက်ရေး လေယာဥ်အသစ် ခြောက်စင်း ပြီးခဲ့သည့် သြဂုတ်လအတွင်း စစ်ကောင်စီက လက်ခံရရှိခဲ့ကြောင်း ဧရာဝတီ သတင်း၌ ဖော်ပြထားသည်။