By Sayar Ngaat/MPA
အရှေ့နှင့် အရှေ့မြောက်ဘက်မှ ရွေ့လျားလာမည့် မိုးတိမ်များကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးရွာနိုင်ကြောင်း မိုးလေဝသစောင့်ကြည့် လေ့လာသူများက ခန့်မှန်းထားသည်။
ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ဘက်တွင် စတင်ဖြစ်ပေါ်ပြီးနောက် ဖိလစ်ပိုင်ပယ်လယ်ပြင်သို့ ရောက်ရှိခဲ့သည့် အားကောင်းသော တိုင်ဖွန်းမုန်တိုင်း ကာရာသော်(KARATHON ) မုန်တိုင်း၏ မိုးတိမ်များကြောင့် မြန်မာနိုင်ငံ၌ မိုးရွာသွန်းနိုင်ခြင်းဖြစ်ကြောင်း မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။
လက်ရှိ မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းနှင့် ထိုင်ဝမ်ကျွန်းကြားရောက်ရှိနေပြီး အရှေ့-အရှေ့မြောက်ဘက်သို့ ရွေ့လျားကာ တရုတ်ပြည်မကြီးမတဆင့် မြန်မာနိုင်ငံအတွင်းသို့ မိုးတိမ်များအဖြစ် ရောက်ရှိလာသော်လည်း မိုးတိမ်များသာ ဖြစ်သောကြောင့် မိုးရွာသွန်းမှု အားမကောင်းနိုင်ကြောင်း ဦးဝင်းနိုင်က ဆိုသည်။
“ အခု မိုးတိမ်များအဖြစ်နဲ့သာ ရွေ့လျားဝင်ရောက်လာမှာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ မုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်း တွေဝင်လာသလို မိုးအားလည်းမကောင်းနိုင်ပါဘူး။ မိုးရေချိန်အများဆုံး လေးလက်မ၊ ငါးလက်မခန့်သာ နေရာကွက်မိုးများနိုင်ပြီး မိုးတိမ်တောင်များရွေ့လျားဝင်ရောက်မှုကြောင့် စိုက်ဆင်းလေပြင်းအန္တရာယ်ကို သတိထားဖို့တော့ လိုပါတယ်။ အဲ့ဒီအရှိန်ကြောင့် စက်တင်ဘာ ၃၀ရက်ကေနေ နောက်ငါးရက်အထိ မိုးရွာသွန်းနိုင်ပါတယ် ” ဟု ဦးဝင်းနိုင်က လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။
ထို့ပြင် မိုးတိမ်များကြောင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် မိုးရေချိန် သုံးလက်မအထက် ရွာသွန်းနိုင်ကြောင်း၊ မိုးတိမ်များဝင်ရောက်သည့်လမ်းကြောင်းပေါ်ရှိ မြို့များတွင် မိုးရေချိန် ခုနှစ်လက်မခန့်ထိ မိုးများနိုင်ကြောင်း ဦးဝင်းနိုင်က ဆက်လက် ဖော်ပြထားသည်။
ထို့ပြင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးမှုဌာနမှလည်း မိုးတိမ်တောင်အခြေအနေများနှင့် ပက်သတ်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်း လျက်ရှိကြောင်း ယနေ့ (စက်တင်ဘာလ ၃၀ရက်)တွင် ထုတ်ပြန်ထားသည်။
အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ် များ ဖြစ်ပေါ်နိုင်ကြောင်းလည်း မိုးဇလက သတိပေးထားသည်။
” ဒီမှာတော့ မနက်ပိုင်းလောက်ကတည်းက တိမ်တွေတက်နေတာတော့ ရှိတယ်။ နေ့လယ်ပိုင်းလောက်စပြီး မိုးတော့ ရွာနေတယ်။ အရမ်းအများကြီးတော့ မဟုတ်သေးပါဘူး ” ဟု ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
စက်တင်ဘာ ဒုတိယပတ်မှ စတင်ကာ တိုင်ဖွန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြား မိုးအဆက် မပြတ် ရွာသွန်းခဲ့ပြီး နေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာဝတီ၊ ကယား၊ ကရင်၊ မွန်နှင့် ရှမ်း စသည့် ဒေသများရှိ မြို့နယ် ၅၆ မြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကာ၊ ပြည်သူ ၄၁၉ ဦး သေဆုံးခဲ့ပြီး လူဦးရေ တစ်သိန်းလေးသောင်းကျော်ရေဘေးသင့်ခဲ့ကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂၄ရက်တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ရေဘေးကြောင့် တိရစ္ဆာန် တစ်သိန်းကျော်သေဆုံးခဲ့ရပြီး စပါးစိုက်ဧက ခုနှစ်သိန်းခွဲကျော် ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် ဘာသာရေး အဆောက်အအုံ ၂၅၃ လုံး၊ လမ်းတံတား ၉၂၆ စင်း နှင့် လျှပ်စစ်မီးတိုင်များ၊ ဆက်သွယ်ရေးတာဝါတိုင်များပျက်စီးခဲ့ကြောင်း စစ်ကောင်စီ၏ စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများအနက် ၂၀၁၅ခုနှစ်၊ ဇူလိုင်လတွင် ဖြစ်ခဲ့သည့် ရေကြီးရေလျှံမှုသည် အဆိုးဝါးဆုံးဖြစ်ပြီး ပြည်နယ်နှင့်တိုင်း ၁၄ခုအနက် ၁၂ခုအထိ ရေကြီးရေလျှံမှုကို ရင်ဆိုင်ခဲ့သော်လည်း ရေဘေးကြောင့် သေဆုံးမှုသည် တစ်ရာကျော်သာရှိခဲ့သည်။
ယခုကြုံတွေ့နေရသည့် ရေဘေးသည် ၂၀၀၈ခုနှစ်၊ မေ နှစ်ရက်က မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် နာဂစ်မုန်တိုင်းပြီးလျှင် လူသေပျောက်မှု အများဆုံး သဘာ၀ဘေးအန္တရာယ်တစ်ခုလည်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ရေကြီးရေလျှံမှုသည် မိုးတွင်းကာလဖြစ်သည့် ဇွန်လမှ အောက်တိုဘာလအတွင်း ဖြစ်ပွားလေ့ရှိပြီး ဇူလိုင်လနှင့် ဩဂုတ်လတွင် အဖြစ်များသော်လည်း ယခုနောက်ပိုင်း စက်တင်ဘာလ၌ပါ ဆိုးဆိုးရွားရွားဖြစ်ပေါ်လျက်ရှိနေသည်။