By Poe Sangle / MPA
စစ်ကောင်စီက လားရှိုးမြို့ကို နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူများအနေဖြင့်အနေဖြင့် ပြေးစရာနေရာမရှိတော့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
လားရှိုးမြို့ကို MNDAAက ၂၀၂၄ခုနှစ် ဩဂုတ်လဆန်းပိုင်းမှစတင်ကာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ရှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃၈ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။
ယမန်နေ့ (စက်တင်ဘာ ၂၈ရက်) ၊ ညရှစ်နာရီခွဲတွင်လည်း စစ်ကောင်စီက လားရှိုးမြို့ကို ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် မန်ဆူဟိုတယ်အနီးရှိ ကားဝပ်ရှော့မှ ကား ၁၂စီးပျက်စီးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ သမိုင်းတလျှောက် စစ်တပ် တိုင်းစစ်ဌာနချုပ် တစ်ခုဖြစ်သည့် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၌ သိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
“တချို့တော့ ထွက်ပြေးတာရှိနိုင်တယ်။ အများအားဖြင့်တော့ မထွက်ကြတော့ဘူး။ တစ်နေရာသွားဖို့အတွက် အစားအသောက်၊ နေစရာအိမ်ဌားခလည်း ဈေးကြီးလို့ မထွက်ကြတော့တာ၊ အခြားမြို့မှာ ဒုက္ခခံမဲ့အစား ကိုယ့်မြို့မှာဘဲ ဒုက္ခခံမဲ့ သဘောပေါ့” ဟု လားရိူးမြို့၊ ၁၀ ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် စက်တင်ဘာ ၂၇ ရက်၊ မနက် သုံးနာရီခန့်ကလည်း စစ်ကောင်စီက လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် လားရှိုးမြို့မစျေးရှိ ဆိုင်ခန်း ၃၀ကျော်ထိခိုက်ပျက်စီးခဲ့သည့်အပြင် အရပ်သား နှစ်ဦးသေဆုံးကာ၊ ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း စစ်ကောင်စီက မြေပြင်ထိုးစစ်များ မလုပ်ဆောင်နိုင်သည့်အတွက် လေကြောင်းအားကိုးဖြင့် MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့အတွင်း အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ရေးအတွက် စစ်ဘက်၊ အရပ်ဘက် ခွဲခြားခြင်းမရှိဘဲ ပြည်သူများကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း အသက် ၄၀အရွယ် လားရှိုးမြို့ခံ၊ အမျိုးသားတစ်ဦးက ပြောသည်။
“အခုက လူထုတွေ ပြေးစရာမရှိမှန်လည်း သူတို့(စကစ)သိတယ်။ ပြီးတော့ ရှမ်းတောင်မှာဆိုလည်း လူထုတွေ ရေဘေးကြုံနေရတယ်။ ရန်ကုန်၊ မန္တလေးသွားဘက်သွားရင်လည်း ၁၃/ ဆိုအရမ်းစစ်ဆေးတယ်။ ဘယ်နေရာမှ လွတ် ၁၃ မျဉ်းစောင်းဆိုရင် မတရားစစ်ဆေးတယ်။ ဘယ်တာမရှိဘူး။ လောလောဆယ်တော့ နေ့ဘက်ဆိုရင် မြို့ထဲမှာ ပုံမှန်အတိုင်းသွားလာကြတယ်။ ညဆိုရင် အခြေအနေကြည့်ပြီး လုံခြုံတဲ့နေရာမှာ သွားနေရတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် စက်တင်ဘာ ၂၄ရက် ၊ နံနက် လေးနာရီကျော်တွင် စစ်ကောင်စီက လားရှိုးမြို့ သို့ ဗုံးကြဲခဲ့ရာ ရပ်ကွက်နှစ်၊ ကြက်ကင်ဆိုင်လမ်းကြားရှိ လပ်ကီးရွှေဆိုင်အိမ်သို့ ကျရောက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့သေးသည်။
ဩဂုတ်လဆန်းပိုင်း၌ ရမခ ကျခဲ့ပြီးနောက် စစ်ကောင်စီသည် လားရှိုးမြို့နှင့် မိုင် ၄၀ခန့်သာကွာဝေးသည့် မိုင်းရယ်မြို့ငယ်လေး၌ တိုင်းစစ်ဌာနချုပ် ပြန်လည်ဖွဲ့စည်းခဲ့သည်။
လက်ရှိတွင်လည်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်များသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်လန်ဘက်သို့ စစ်အင်အားဖြည့်တင်းမှုများပြုလုပ်လျက်ရှိပြီး TNLA ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။