By Bala / MPA
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ ဘီးလူးချောင်းအနီးရှိ ရပ်ကွက်များတွင် ရေဆက်ကြီးနေကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တာဘာ ၁၂ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းကာ မိုးဗြဲဆည်ရေ လျှံကျမှုကြောင့် လွိုင်ကော်မြို့ရှိ ဘီလူးချောင်းအနီးရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်ခဲ့ပြီး လက်ရှိ၌ နေအိမ်အချို့ ရေဖုံးလွှမ်းနေ ကြောင်း လွိုင်ကော်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။
“ အခုက မြို့ထဲမှာလည်း ရေတွေဝင်တယ်။မြို့ပြင်က ချောင်းတွေ မြောင်းတွေနဲ့နီးတဲ့ မြေနိမ့်ပိုင်းရွာတွေလည်း ရေကြီးနေတာ အိမ်ခေါင်ပါမြုပ်တယ်” ဟု ၎င်းက MPAသို့ပြောသည်။
လွိုင်ကော်မြို့တွင်းရှိ ရွှေတောင်၊ ရှမ်းပိုင်၊ ဒေါနိုးကူး၊ ချိကယ်၊ ဒေါတမနှင့် ရေနီကန်ရပ်ကွက်များတွင် ရေကြီးနေပြီး သတ္တဗလူချောင်းဘေးရှိ လူနေအိမ်များထဲ ရေဝင်နေကြောင်း သိရသည်။
“အဆိုးဆုံးကတော့ မှုံပြာနဲ့ မင်းစုဘက်ပဲ။ဘီလူးချောင်းဘေးက နေအိမ်တွေပေါ့” ဟု ၎င်းက ဆက်လက် ပြောသည်။
လွိုင်ကော်မြို့တွင်း ရေဘေးကယ်ဆယ်မှုများကို အရပ်ဘက်အဖွဲ့များက လာရောက်ဆောင်ရွက်ပြီးနောက် စစ်ကောင်စီတပ်ကလည်း ရေဘေးကူညီမှုများ ပြုလုပ်လာကြောင်း MPA က စုံစမ်းသိရသည်။
လက်ရှိတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးဗြဲဆည်ရေမြင့်တက်နေမှုကြောင့် ဘီလူးချောင်းရေလည်း ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။










