By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မိုင်းထွက်ရှင်းသည့် စစ်သားများ မိုင်းဆွဲခံရပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၇ရက်၊ နံနက် ၁၀နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန်စစ်ဆေးရေးဂိတ်နှင့် ရေပိုးစားရွာကြားရှိ လမ်းပိုင်း၌ အင်အား ၃၀ဝန်းကျင်ဖြင့် မိုင်းရှင်းနေစဉ် ပဒေသာမိုင်းလေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၁တပ်ရင်းက ယနေ့(စက်တင်ဘာ၂၈ရက်) သတင်းထုတ်ပြန်သည်။
” အသေတော့မရှိဘူး။ ပခုံးနဲ့ ခြေထောက်ထိ ဒဏ်ရာရ လေးယောက်ပဲရှိတာလို့ တပ်တွင်းဖရဲသီးကနေ လှမ်းပြောတာ” ဟု မုံရွာခရိုင် အမှတ် ၁၁တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုရှိသော်လည်း PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
” နောက်ကနေ လိုက်တော့ပစ်တယ်။ ရဲဘော်တော့ အထိအခိုက်မရှိပါဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
စစ်သားများ မိုင်းဆွဲခံရပြီးနောက် နတ်ရေကန်စစ်ဆေးရေးဂိတ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၁တပ်ရင်း၊ နွေဦးလူငယ် People’s Defence Force၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force၊
Pentagramနှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်သားများ ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။


