By Nway / MPA
စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ပြီး နာရီပိုင်းအတွင်း လားရှိုးမြို့ပေါ်ရှိ ပြည်သူများအား ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်ခြင်းမှာ ကိုယ့်မျက်နှာကိုယ် တံ တွေးနှင့် ထွေးလိုက်ခြင်းပင်ဖြစ်ကြောင်း နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက ဆိုသည်။
စက်တင်ဘာ ၂၆ရက်ညတွင် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF တို့အနေနှင့် လက်နက်စွန့်၍ ရွေးကောက်ပွဲကို ထောက်ခံ ပါဝင်ရန် ကမ်းလှမ်းချက် ထုတ်ပြန် လိုက်ပြီးနောက် စက်တင်ဘာ၂၇ရက်၊နံနက်သုံးနာရီခွဲကျော်၌ လားရှိုးမြို့၊မြို့မဈေးနှင့် လူနေရပ် ကွက်များကို ဗုံးကြဲတိုက်ခိုက်ခြင်းအပေါ် ၎င်းက အထက်ပါအတိုင်း မှတ်ချက်ပြုခြင်းဖြစ်သည်။
“ဒါဟာ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ မင်းအောင်လှိုင်က ကိုယ့်မျက်နှာကိုယ်လည်း တံတွေးနဲ့ ထွေးရဲကြောင်း သက်သေပြလိုက်တာပဲ” ဟု ၎င်းက MPAသို့ ပြောသည်။
စက်တင်ဘာ ၂၇ရက် နံနက် သုံးနာရီခွဲကျော်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ကို စစ်တပ်က လေကြောင်းမှ ဗုံး ၁၅လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ရာ လားရှိုးမြို့၊ရပ်ကွက်နှစ် မြို့မစျေးနှင့် လူနေရပ်ကွက်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား နှစ်ဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့ကို အုပ်ချုပ်နေသော MNDAA က ထုတ်ပြန်သည်။
လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် မြို့မဈေးသည် လားရှိုးမြို့တွင် အကြီးဆုံးဈေးဖြစ်ပြီး၊ ဆိုင်ခန်းနှင့် အဆောက်အအုံများ ထက်ဝက်နီးပါး ပျက်စီးသွားခဲ့ကာ လူနေရပ်ကွက်များ၌လည်း နေအိမ်၊ ဟိုတယ်နှင့် လမ်းများလည်း ပျက်စီးသွားသည်။
ယင်းနှင့်ပတ်သက်ပြီး MNDAAက သတင်းထုတ်ပြန်ရာတွင် “မင်းအောင်လှိုင် အာဏာသိမ်းတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့်….”ဟုသုံးနှုန်းထားသည်။
“စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ဆိုပြီး ခေါင်းစဉ်တပ် ထားပေမဲ့ တကယ့်အနှစ်သာရက လက်နက်ချ၊သူတို့လုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံခိုင်းတာပဲရှိ တယ်။ဘာနိုင်ငံရေးမှ ဆွေးနွေးအဖြေရှာတာ မပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
စက်တင်ဘာ၂၇ရက်ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ချေဆေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ဗုံးရှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သေးသည်။
ထို့အတူ ယင်းနေ့ မွန်းလွဲ သုံးနာရီခွဲကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာ အနီးသို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သေးသည်။