By Ko Paing / MPA
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်မှုထမ်းသင်တန်းတက်ရန် လူငယ် ငါးဦးကို စစ်ကောင်စီတပ်က ညအချိန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။
စက်တင်ဘာ ၂၆ ရက်၊ ညပိုင်းတွင် ပေါင်းတည်မြို့ပေါ်ရပ်ကွက်မှ နှစ်ဦး၊ဘိုကုန်းကျေးရွာမှ တစ် ဦးနှင့်ဟင်္သာကန်ရွာမကျေးရွာမှ နှစ်ဦးတို့ကို စစ်မှုထမ်းရန်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။
“ရွာလေး(ဟင်္သာကန်ရွာမ)ထဲက လူငယ် နှစ်ဦးကိုဖမ်းခေါ်သွားတာကတော့ ညအချိန်ပဲဗျ။အုပ်ကြီးဘိုရဲ နဲ့ရဲ၊စစ်သားတွေပါတယ်” ဟု ဟင်္သာကန်ရွာမနေ ဒေသခံတစ်ဦး က MPAသို့ပြောသည်။
စစ်မှုထမ်းရန် အဓမ္မစုဆောင်းထားသည့် လူငယ်များကို အင်းမမြို့၊တပ်မ၆၆ တွင် ခေတ္တထားပြီးနောက် စစ်သင်တန်းတက်ရန် ရှမ်းပြည်နယ်တောင်ပိုင်း၊ဗထူးတပ်မြို့သို့ ပို့ဆောင်လေ့ရှိပြီး ယခုဖမ်းဆီးခံရသူများအား မည်သည့်တပ်သို့ ပို့ဆောင်သလဲဆိုသည်ကိုမူ စုံစမ်းနေဆဲဖြစ်သည်။
“ငါတို့နေနေရတဲ့ဘဝကလည်းကွာ ဘယ်တော့လာခေါ်မလဲဆိုတာကို စောင့်နေရတာ။ ထွက်ပြေးပြန်ရင်လည်း မိန်းမနဲ့ကလေးကရှိသေးတယ်။ငါ့တစ်ယောက်တည်းဆိုရင်တော့ PDF ထဲဝင်တာကြာပြီ” ဟု ပေါင်းတည်မြို့ခံ လူငယ်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
စစ်မှုထမ်းဆိုသည့်အသံကြားလျှင် အုပ်ချုပ်ရေးမှူးကို ငွေပေးရန် ပိုက်ဆံထုပ်ပြင်ထားရကြောင်း လည်း ဆိုသည်။
“ငါလည်း အဆိပ်ပင်ရေလောင်းနေရတဲ့ဘဝပါကွာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဟင်္သာကန်ရွာမကျေးရွာတွင် လူငယ်များ သိပ်မရှိတော့သလို အိမ်ထောင်သည်များပင် ပြေးနေကြ ကြောင်း ယင်းရွာခံက ပြောသည်။
၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၀ရက်တွင် အဓမ္မစစ်မှုထမ်းဥပဒေ ထွက်ပေါ်ပြီး မကြာမီ ပေါင်းတည်မြို့နယ်အတွင်းရှိ လူငယ်အချို့သည် ပြည်ပနိုင်ငံများသို့ တိမ်းရှောင်ကြသလို PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံ ဝင် ရောက်သွားကြသူများလည်း ရှိကြောင်း သိရသည်။