By Nway / MPA
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်း၊ သဖန်းဒေါက်ရွာတွင် စစ်ကောင်စီတပ်က ဝင်ရောက် အထိုင်ချသဖြင့် ကျေးရွာ ၇ရွာက ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။
စက်တင်ဘာ ၂၆ရက်၊ ည ရှစ်နာရီခွဲခန့်တွင် မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာ၌ အထိုင်ချထားသော အင်အား ၁၈၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် သဖန်းဒေါက်ကျေးရွာသို့ ပြောင်းရွှေ့ အထိုင်ချခြင်းဖြစ် ကြောင်း မတ္တရာမြို့နယ်အနောက်ခြမ်းနေ ဒေသခံတစ်ဦးထံက သိရသည်။
“ မနေ့ည ရှစ်နာရီခွဲလောက်မှာ သဖန်းဒေါက်ရွာကို ပစ်ခတ်ပြီး ဝင်လာတာ။ ၄၀ (မမ)နဲ့လည်းထု၊ လက်နက်ငယ်တွေလည်း ပစ်တယ်။ သဖန်းဒေါက်က အချက်အချာကျတဲ့ရွာလို့ ပြောရမယ်။ အရင်တုန်းကလည်း စစ်တပ်က လကျော်(မကြာခဏ) လာထိုင်ဖူးတယ် ” ဟု ၎င်းက MPA ကိုပြောသည်။
စက်တင်ဘာ ၂၆ရက်၊ မွန်းလွဲပိုင်းကလည်း သုံးဆယ်ပေးရွာနှင့် ကုန်းတန်းလေးရွာကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း ၎င်းကပြောသည်။
” သုံးဆယ်ပေးရော၊ ကုန်းတန်းလေးရော ထပ်ရှို့ခံရတာ။ အရင်ရက်တွေကလည်း တောက်လျှောက်ရှို့တယ်။ သုံးဆယ်ပေးရွာက အိမ်ခြေ ၁၀၀၀ လောက်ရှိတယ်။ ရွာက တော်တော်ကြီးတယ်။ အခုတော့ ဘယ်လောက်ပြာကျသွားပြီလဲ မသိသေးဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။
စက်တင်ဘာ ၂၁ရက်မှစတင်၍ မတ္တရာမြို့နယ် အနောက်ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးလျက်ရှိပြီး ယင်းစစ်ကြောင်းကြောင့် သဖန်းဒေါက်ကျေးရွာ၊ ရွှေဘောင်ရွာ၊ သုံးဆယ်ပေးရွာ၊ ကုန်းတန်းလေးရွာ၊ ကုန်းတန်းကြီးရွာ၊ ဆူးလေကုန်းရွာနှင့် ဘုရားမကုန်းရွာက ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
စက်တင်ဘာ ၂၄ရက်က မတ္တရာမြို့ မြောက်ဘက်ဂိတ်ကို PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်သည် မတ္တရာမြို့အဝင်အထွက်ကို ယနေ့(စက်တင်ဘာ၂၇ရက်)ထိတိုင် ပိတ်ထားသည်။