By Garcia Ni / MPA
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့တွင် စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် လူငယ်များအားပေါ်တာဆွဲနေပြီး လူငယ် ၅၀ ကျော်ပါသွားပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
၂၀၂၄ခုနှစ်၊ ဇူလိုင်လကုန်ပိုင်းမှစတင်ကာ မော်လိုက်မြို့အတွင်းရှိ လူငယ်များကို စစ်ကောင်စီက ပေါ်တာဆွဲမှုများလုပ် ဆောင်နေခြင်းဖြစ်ပြီး ပေါ်တာဆွဲခံရသူများ စစ်သင်တန်းတက်ရောက်ရန် ကလေးမြို့သို့ ပို့ဆောင်ခံရကြောင်း မော်လိုက်ဒေသခံ အမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
” တစ်သုတ်တစ်သုတ်ကို တစ်ဆယ်၊ ဆယ့်ငါးရောက်လောက်ပို့တယ်။ အခုဆို ငါးသုတ် ခြောက်သုတ်လောက်ရှိပြီနော။ အယောက် ၅၀ တော့ကျော်သွားပြီ၊ ဟိုနေ့ကတောင် ညောင်ပင်သာနဲ့ တံတားဦးဘက်မှာ ထမင်းစားနေရင်းကို နေ့လယ်ကြီးဝင်ဆွဲသွားတယ်လို့ ပြောတယ်။ လမ်းပေါ်သွားလာနေတဲ့ကလေးတွေလည်း သူတို့ဆွဲချင်ဆွဲသွားတာပါ့ “ ဟု ၎င်းက ဆိုသည်။
ထိုကဲ့သို့ စစ်ကောင်စီ၏ ပေါ်တာဆွဲမှုများကြောင့် မော်လိုက်မြို့ပေါ်ရှိ လူငယ်များအနေဖြင့် ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာရှောင်တိမ်းသူများလည်းရှိပြီး အချို့မှာမူ မြို့ပေါ်တွင်ပင် အသွားအလာဆင်ခြင်၍ သိုသိပ်စွာနေထိုင်နေကြရကြောင်း သိရသည်။
အဓိကအားဖြင့် မော်လိုက်မြို့၌ နေထိုင်သည့် အလုပ်အကိုင်မရှိသည့် လူငယ်များကို စစ်ကောင်စီက ပစ်မှတ်ထား၍ ပေါ်တာဆွဲနေခြင်းဖြစ်ပြီး မြို့ပေါ်ကုမ္ပဏီဝန်ထမ်းများကိုမူ ပေါ်တာဆွဲခြင်းမရှိကြောင်း မော်လိုက်မြို့ပေါ်နေ အမျိုးသားတစ်ဦးကပြောသည်။
” ဒီဘက်မှာက ပန်းထိမ်လုပ်ငန်းလုပ်နေတဲ့ဟာတွေရှိတယ်။ ရေသန့်စက်ရုံမှာလုပ်နေတဲ့ဟာတွေရှိတယ်။ အဲ့ဒီလိုအပြင်ကုမ္ပဏီဝန်ထမ်းတွေဘာတွေကျ မဆွဲဘူး။ အဓိကက အလုပ်မရှိဘဲအိမ်မှာနေနေတဲ့ လူငယ်တွေကိုဆွဲတာ “ ဟု ၎င်းကဆိုသည်။
ယင်းအပြင် မော်လိုက်မြို့ပေါ်တွင် စစ်မှုထမ်းဥပဒေကြောင့် အမည်စာရင်းပါသူများ၏နေရာတွင် အခကြေးငွေယူ၍ အစားထိုးဝင်ရောက်မှုများလည်း ရှိနေကြောင်း သိရသည်။
” စစ်တပ်ထိန်းချုပ်တဲ့ရွာတွေက စစ်မှုထမ်းဖို့ဆိုပြီး ဘယ်ရွာကဘယ်နှစ်ယောက်ဆိုပြီး ကျတာတွေရှိတယ်လေ။ အဲ့ဒါဆိုရင် မလိုက်ချင်တဲ့လူတွေ၊ ငွေတတ်နိုင်တဲ့လူတွေက သိန်းတစ်ရာပေးရတယ်။ အဲ့ဒါကို လူရှာပေးတဲ့ ပွဲစားကသိန်း၂၀ယူတယ်။ အစားထိုးဝင်တဲ့လူက သိန်း ၈၀ရတယ်” ဟု မော်လိုက်မြို့နယ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် မော်လိုက်မြို့ ရှိ စစ်ကောင်စီတပ်သည် ဘေးပတ်ဝန်းကျင်ကျေးရွာများသို့ စစ်ကြောင်းထွက်သည့်အခါများတွင်လည်း အထုပ်ထမ်းရန်အတွက် ဒေသခံများကို ပေါ်တာဆွဲမှုများ ပြုလုပ်တတ်ကြောင်းသိရသည်။
စစ်ကောင်စီသည် ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ လေးရက်နေ့တွင်ရေးဆွဲခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ခု၊ ဖေဖော်ဝါရီ ၁၀ရက်၌ အတည်ပြုပြဌာန်းခဲ့ပြီးနောက် ဥပဒေအရ အသက်၁၈မှ ၃၅နှစ်အတွင်းအမျိုးသားများနှင့် အသက်၁၈မှ ၂၇နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းလိုက်ခြင်းကြောင့် မြို့ပေါ်နေလူငယ်အများအပြား တော်လှန်ရေးအဖွဲ့အစည်းများထံသို့ ထွက်ပြေးခိုလှုံခဲ့ကြပြီး ဆက်လက်ဝင်ရောက်လိုသည့် လူငယ်များလည်း ရှိနေကြောင်း တော်လှန်ရေးအဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။