By Ko Paing / MPA
မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ ချေဆေးကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သားများထိခိုက်သေဆုံးမှုများပြားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ထံက သိရသည်။
မြင်းခြံမြို့နယ်၊ ချေဆေးရွာသို့ အင်အား ၆၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်လာရောက်လာသည့် စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့ များက ယနေ့(စက်တင်ဘာ၂၇ရက်)နံနက် ငါးနာရီမှ ၁၁ နာရီဝန်းကျင်အထိ ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊အမှတ် ၈၁၅တပ်ဖွဲ့- အနောက်မြောက်စစ်ဒေသ ထံကသိရသည်။
“စစ်ကြောင်းရွာထဲအဝင်မှဖြစ်တာ။ချေဆေး သင်္ချိုင်းအရောက်မှာပေါ့။ရန်သူ့စစ်ကြောင်းက သုံး နေရာလောက်ထိ ဆုတ်သွားတာ။ကျတော်တို့ က ထိုးစစ်ဆင်နေတဲ့အချိန်မှာ လေကြောင်းနဲ့ဗုံးကြဲတယ်။ မြင်းခြံ ခမရ-၁၅ ကနေ ဟောင်ဝှစ်ဇာနဲ့လက်နက်ကြီးပစ်ကူပေးနေတော့ ပြန်ဆုတ်ရတယ်။ရန်သူက ချောင်းရိုးထိ ပြန်ဆုတ်တဲ့အချိန်မှာ ရဲဘော်တွေရှိနိုင်တဲ့နေရာတွေကို စစ်ကောင်စီဒရုန်းတွေက ဗုံးလိုက်ကြဲတာနဲ့ ကျတော်တို့ ပြန်ဆုတ်ပေးလိုက်ရတာပါ” ဟု အမှတ်၈၁၅တပ်ဖွဲ့ – အနောက်မြောက်စစ်ဒေသ မှ တာဝန်ရှိ ရဲဘော်တစ်ဦး ကMPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ဗုံးရှစ်လုံးကြဲချခဲ့ပြီး မြင်းခြံအခြေစိုက် ခမရ၁၅ မှ ဟောင်ဝှစ်ဇာဖြင့် ပစ်ကူပေးကာ ဒရုန်းဖြင့်ပါ တိုက်ခိုက်ခဲ့ ကြောင်းသိရသည်။
“သူတို့က လေကြောင်းနဲ့လက်နက်ကြီးပစ်ကူသုံးပြီး ချေဆေးရွာထဲ တပ်ဆုတ်တဲ့သဘောပါ။ ချေဆေးရွာထဲမှာပဲရှိသေးတယ်။ကျတော့်အထင် ရွာထဲမှာ ဆေးကုကြဦးမယ်ထင်ပါတယ်” ဟု ၎င်းကဆိုသည်။
ယင်းတိုက်ပွဲတွင် စစ်သားများ သေဆုံး၊ထိခိုက်မှု များသော်လည်း အရေအတွက်အတိအကျကို မသိရ သေးကြောင်းနှင့် တော်လှန်ရေးရဲဘော်များ အန္တရာယ်ကင်းကြောင်း မြင်းခြံခရိုင်တပ်ရင်းကိုး( Myingyan Black Tiger) မှ တပ်ရင်းမှူး ဗိုလ်မိုက်ခဲ ကပြောသည်။
“ထိခိုက်သေဆုံးစာရင်းကတော့ မသိရသေးဘူး။အခုမှ နယ်မြေရှင်းလင်းရင်ဝင်နေတာပါ” ဟု ၎င်းက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊အမှတ်၈၁၅တပ်ဖွဲ့-အနောက်မြောက်စစ်ဒေသ၊ရဲခေါင်ပြောက်ကျားတပ်ဖွဲ့(PLA)၊မြင်းခြံခရိုင်တပ်ရင်းကိုး Myingyan Black Tiger နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။