By Nway / MPA
PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရဖြေရှင်းကြရန် စစ်ကောင်စီ ထုတ်ပြန်မှုသည် တရုတ်နိုင်ငံ၏ ဖိအားကြောင့်သာဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများထံက သိရသည်။
လက်နက်ကိုင်လမ်းစဉ်ကြောင့် နိုင်ငံတော်၏ဆုံးရှုံးနစ်နာမှုများကိုထောက်ရှု၍ PDF များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းအရသော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ကမ်းလှမ်းဖိတ်ခေါ်ကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်သည်။
ထို့အတူ စက်တင်ဘာ ၁၈ရက်တွင် ထုတ်ပြန်ခဲ့သော MNDAA၏ ထုတ်ပြန်ချက်တွင်လည်း NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်းပြုလုပ်မည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၏အခြေအနေကို တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့သည်။
” MNDAAနဲ့ စကစ ထုတ်ပြန်ချက်နှစ်ခုကို သေချာ တိုက်ကြည့်လိုက်ရင် တရုတ်ရဲ့ဖိအားတွေပါနေတာ အရမ်းမြင်ရတယ်။ MNDAA ထုတ်ပြန်ချက်မှာဆို NUGနဲ့ မဆက်ဆံဖို့ပါတယ်။ ပြီးတော့ စကစ ထုတ်ပြန်ချက်မှာဆို NUG ကိုဆွေးနွေးဖို့ ဖိတ်ကြားထားတာမပါလာဘူး။ အဓိက စစ်တပ်ရဲ့ ထုတ်ပြန်ချက်က ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတာပဲ” ဟု ဝါရင့် သတင်းသမားတစ်ဦးက MPA ကို ပြောသည်။
ထို့ပြင် စစ်ကောင်စီ၏ ထုတ်ပြန်ချက်သည် အာဆီယံဘုံသဘောတူညီမှု ငါးရပ်ပေါ် မူတည်ပြီး နိုင်ငံတကာကို ဟန်ပြထုတ်ပြန်ပြခြင်းသာဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောသည်။
” စစ်ကောင်စီက တရုတ်နဲ့ အာဆီယံ သဘောကျဖို့၊ သူတို့ထုတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်အတိုင်း ဆက်သွားဖို့ နိုင်ငံတကာကို မျက်လှည့်ပြတာပါ၊ ၂၀၀၈ ခြေဥလမ်းကြောင်းအတိုင်း လိုက်ပါပြီး နိုင်ငံရေးအရ ဖြေရှင်းဖို့ စစ်ကောင်စီဖိတ်ခေါ်တာကို ကျတော်တို့အနေနဲ့ ဘယ်လိုမှလက်သင့်ခံနိုင်ဖွယ်မရှိပါဘူး” ဟု ကိုခန့်ဝေဖြိုးက ပြောသည်။
အာဆီယံဘုံသဘောတူညီချက် ငါးရပ်သည် ၂၀၂၁ ခုနှစ်၊ဧပြီ ၂၄ ရက်နေ့၊ အာဆီယံခေါင်းဆောင်များ၏ ဂျာကာတာအစည်းအဝေးမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အမေရိကန်၊ တရုတ်နှင့် အနောက်နိုင်ငံကြီးများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအားလုံးက အာဆီယံမူ ငါးရပ်ကို ဝိုင်းဝန်းထောက်ခံခဲ့သည်။
ယင်း အာဆီယံမူ ငါးရပ်တွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်ဆိုင်းရေးနှင့် သက်ဆိုင်သူအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးအဖြေရှာရေးဟူသော အချက်ပါဝင်သော်လည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် NUG အား ထည့်သွင်း ဖိတ်ခေါ်ထားခြင်းမရှိပေ။
” NUG က ၂၀၂၅ မတိုင်ခင် Legitimate power မရှိတော့ဘူး။ ၂၀၀၈ အရပဲပြောပြော၊ ၂၀၀၈ ပြင်ပက ချာတာ (မသေချာသေး) အရပဲ ပြောပြော သမ္မတနဲ့ ဒုသမ္မတပဲ ကျန်ပြီး ကျန်တာ ပျက်ပြယ်တယ်။ NUG ကို စကစ က အသိမှတ်မပြု၊ လူရာမသွင်းဘူး။ နောက်ပြီး နယ်မြေအခြေပြု ဆွေးနွေးမယ်ဆိုရင် အခု လက်ရှိအခြေအနေအရ EROs အောက်မှာရှိနေတာ ပိုများတာမို့ အရင်ဆွေးနွေးတာ” ဟု ရှမ်းပြည်နယ်တွင် နေထိုင်သည့် အသက် ၄၀အရွယ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
ယင်းအပြင် PDF များနှင့် Local PDF အဖွဲ့အချို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ လက်အောက်တွင် ရှိနေသည့်အတွက် EROs များနှင့် သဘောတူချက်များရရှိပါက PDF များဖြင့်လည်း သဘောတူညီမှုရရှိနိုင်ရန်အတွက် စစ်ကောင်စီက ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။
” စကစက ဒီအခင်းအကျင်းကို သေချာသိတယ်။ EROs တွေနဲ့ ဆွေးနွေးသဘောတူညီမှုရရင် ဒါမှမဟုတ် ရထားရင် PDF တွေလည်း အလိုလိုပါလာမယ်။ မပါလာရင်လည်း ပါလာဖို့ လမ်းခင်းထားတယ်။ စကစရဲ့ ပုံမှန်လမ်းစဥ်ဖြစ်တဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဟာ အရင်လမ်းကြောင်းအတိုင်း လမ်းစ ပေါ်လာတယ်။ PDF တွေကလည်း အရင်ငြိမ်းချမ်းရေးလမ်းစဥ်ထဲပါခဲ့ မပါခဲ့တာထက် ဒီ ဆွေးနွေးပွဲမှာ PDF တွေမပါရင် အဆင်မပြေဘူးဆိုတာကို စကစကသိတယ် “ ဟု ၎င်းက ဆက်ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီက ဖိတ်ခေါ်သည့် ဆွေးနွေးပွဲအတွင်း PDF များ မပါဝင်ခဲ့ပါက နိုင်ငံတကာသို့ ချပြရာတွင်လည်း ၎င်းတို့သည် အကြမ်းဖက်လမ်းစဉ်ကိုသာ ဆက်သွားနေသည်ဟု ပုံရိပ်ဖျက်ရန် စစ်ကောင်စီက ရည်ရွယ်ထားကြောင်း ၎င်းက ရှင်းပြသည်။
” စကစ ပုံမှန်လမ်းစဥ်ဖြစ်တဲ့ အပစ်ခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးက အရင်လမ်းကြောင်းအတိုင်း လမ်းစ ပေါ်လာတယ်။ ဆွေးနွေးပွဲမှာ PDF တွေမပါရင် အဆင်မပြေဘူးဆိုတာ စစ်ကောင်စီက သိတယ်။ နယ်မြေ အခြေပြုဆွေးနွေးမယ်ဆိုမယ်ဆိုရင် အညာထက် အခု လက်ရှိအခြေနေအရ EROs အောက်မှာရှိနေတာကို အရင်ဆွေးနွေးမယ်။ ဥပမာ MND AAနဲ့ TNLA ကို ဆွေးနွေးသဘောတူမှုရရင် သို့ ရထားရင် PDF တွေသည် အလိုလိုပါလာမလား။ မပါလာနိုင်ရင်လည်း ပါလာဖို့ လမ်းခင်းထားတဲ့ပုံပဲ” ဟု ရှမ်းပြည်နယ်တွင် နေထိုင်သည့် အသက် ၄၀အရွယ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၄ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စများကို ပြောဆိုဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲနောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် – မြန်မာနယ်စပ်ဒေသတွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA ) ကို တိုက်ပွဲများ မရပ်တန့်ပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်က စာပေးပို့ခဲ့သေးသည်။
ဩဂုတ် ၂၉ရက်နေ့ ရက်စွဲဖြင့် TNLA ကို တရုတ် မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်တွင် နေထိုင်သည့် တရုတ်နိုင်ငံသားများ၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများ၏ လုံခြုံရေးအတွက် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ပါဟု ရွှေလီမြို့လုံခြုံရေးကော်မတီက ပေးပို့ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အခြားဒေသများရှိ တရုတ်စီမံကိန်း ၁၉ခုအနက်မှ ၁၀ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက အပြည့်အ၀ ထိန်းချုပ်ထားကြောင်း မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP – Myanmar) က ဩဂုတ် ၁၉ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF များကို စားပွဲ၀ိုင်းဆွေးနွေးသို့ တက်ရောက်ရန် ဖိတ်ခေါ်မှုများအပြင် ရွေးကောက်ပွဲပြုလုပ်နိုင်ရန်အတွက် အောက်တိုဘာ တစ်ရက်တွင် သန်းခေါင်စာရင်းကောက်ယူမှုများပြုလုပ်ခြင်းသည် နိုင်ငံရေးအရ အရေးသာရန်နှင့် နိုင်ငံတကာ အသိအမှတ်ပြုမှုများရရှိရန်အတွက် လုပ်ဆောင်နေခြင်းများ ဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။