By Nway / MPA
PDF တိုက်ခိုက်ခြင်းခံရပြီးနောက် မတ္တရာမြို့အဝင်အထွက်ကို စစ်ကောင်စီတပ်က ပိတ်လိုက်သည်မှာ လေးရက်ရှိပြီဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်း၊မတ္တရာမြို့၊မြောက်ဘက်ဂိတ် ( ပန်းယျရွာစစ်ကောင်စီအထိုင်ချစခန်း ) ကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ယင်းနေ့မှစ၍ ယနေ့ ( စက်တင်ဘာ ၂၇ရက် ) နံနက်ပိုင်းအထိ မြို့အဝင်ဂိတ်များအား ပိတ်ထားကြောင်း မတ္တရာမြို့နယ် အနောက်ခြမ်းနေ ဒေသခံတစ်ဦးထံက သိရသည်။
“ တိုက်ပွဲဖြစ်ပြီးကတည်းက မြို့အဝင်ဂိတ် နှစ်ဂိတ်လုံးကို ပိတ်ထားတာ။ ဒီမနက်ထိကို ပြန်မဖွင့်သေးဘူး။ မြောက်ဘက်ဂိတ်ကကျ မိုးကုတ်ကနေ မန္တလေးကို အမြန်လမ်းကဆင်းလာရင် မြောက်ဘက်ဂိတ်ကို အရင်ဖြတ်ရတယ်။ ပြီးမှ မတ္တရာမြို့ကိုဖြတ်ပြီး မန္တလေးဆက်သွားရတာ” ဟု ၎င်းကက MPA ကို ပြောသည်။
မတ္တရာမြို့ပေါ်ရှိ စစ်သားများအတွက် စားနပ်ရိက္ခာကို မတ္တရာမြို့နယ်ရှိ ပျူစောထီးရွာများနှင့် ကျေးရွာများတွင် အထိုင်ချထားသော စစ်ကောင်စီစခန်းများက ပို့ပေးနေကြောင်း သိရသည်။
” မြို့နေပြည်သူတွေလည်း ရှောင်တာကြာပြီ။ ဈေးဆိုင်တွေလည်း မရှိကြတော့ဘူး။ ရိက္ခာအတွက်ကို ပျူရွာတွေ၊ တခြားအထိုင်ချစခန်းတွေကနေ ပို့ပေးကြတာ “ ဟု ၎င်းက ဆက်လက်ပြောသည်။
မတ္တရာမြို့တွင် တောင်ဘက်ဂိတ်နှင့် မြောက်ဘက်ဂိတ်ဟူ၍ မြို့အဝင်ဂိတ် နှစ်ဂိတ်ရှိပြီး မန္တလေးမြို့မှ လာပါက တောင်ဘက်ဂိတ်ကို ဖြတ်၍ မတ္တရာမြို့သို့ ဝင်ရကြောင်း သိရသည်။
PDFတို့၏ ထိုးစစ်သည် မတ္တရာမြို့နှင့် တဖြည်းဖြည်းနီးကပ်လာပြီဖြစ်၍ ဇူလိုင်လကတည်းက Non CDM ဝန်ထမ်းများလည်း ထွက်ပြေးသွားကြပြီဖြစ်ကြောင်း မတ္တရာ အရှေ့ခြမ်းနေ ဒေသခံတစ်ဦးက ပြောသည်။
မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၃၅ ခုကို အပြီးသတ်သိမ်းပိုက်ထားပြီး အခြားသောတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း MDY PDF က ဇူလိုင် ၃၁ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။