By Zwe Ko / MPA
ပဲခူးတိုင်း၊ သာယာ၀တီခရိုင်အတွင်းရှိ ဂမုန်းရေလှောင်တမံသည် ဆည်ရေပြည့်မှတ် ရောက်ရှိနေသော်လည်း စစ်ကောင်စီ လက်အောက်ခံ ဆည်မြောင်းဝန်ထမ်းများ ထွက်ပြေးသွားသည့်အတွက် အခက်အခဲများဖြစ်ပေါ်နေကြောင်း မြေပြင်တော်လှန်ရေး ရဲဘော်များထံမှ စုံစမ်းသိရှိရသည်။
၂၀၂၃ခုနှစ်မှစတင်ကာ စစ်ကောင်စီလက်အောက်ခံ ဆည်မြောင်းဝန်ထမ်းများသည် သာယာ၀တီခရိုင်အတွင်းရှိ ဂမုန်းရောင်လှောင်တမံနှင့် ကံတင်ဘီးလင်းရေလှောင်တမံတို့ကို စွန့်ခွာထွက်ပြေးခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက ရေလှောင်တမံ ကျိုးပေါက်မှုများမရှိစေရေးအတွက် ထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိသည်။
ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အုတ်ဖိုမြို့နယ်အပိုင် ဂမုန်းရောင်လှောင်တမံ၌ ဆည်ရေပြည့်မှတ် ရောက်ရှိနေပြီး အမှိုက်များစုပုံနေကာ တမံကျိုးပေါက်မည့် အန္တရာယ်ရှိနေကြောင်း သာယာ၀တီခရိုင် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ-၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သူတို့(ဆည်မြောင်းဝန်ထမ်း) တာဝန်သူတို့ကျေပွန်သင့်ပါတယ်။ ဒီတိုင်းထားခဲ့ပြီးထွက် မပြေးသင့်ပါဘူး။ ကျတော်တို့ ရဲဘော်တွေကလည်း စစ်တပ်နဲ့ပဲ တိုက်ပွဲဖြစ်တာပါ၊ သူတို့ကို အန္တရာယ်ပြု ခြိမ်းခြောက်တာတွေမလုပ်ဆောင်ပါဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိ အုတ်ဖိုမြို့နယ်အပိုင် မင်းလှဆည်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ တပ်စွဲထားပြီး ဂမုန်းရေလှောင်တမံမှ ထွက်ပြေးလာသည့် ဆည်မြောင်းဝန်ထမ်းများလည်း အဆိုပါနေရာတွင် ရှိနိုင်ကြောင်း အုတ်ဖိုမြို့နယ်မှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“စစ်သားတွေမရှိတော့တဲ့ဆည်တွေမှာတော့ ဝန်ထမ်းတွေပါ မနေရဲတော့ဘူးလို့ကြားတယ်။ စစ်တပ်က ပြန်ခေါ်တာလို့လည်းပြောတယ်။ အုတ်ဖိုထဲက ဂမုန်းဆည်က အကျယ်ကြီး၊ တကယ်လို့ ဆည်ပေါက်ပိတ်နေတာကို PDF တွေမသိဘဲ ဒီတိုင်းထားလိုက်ရင် ဆည်ကျိုးတာနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေအပြင် သီးနှံစိုက်ခင်းတွေ အကုန်ဆုံးရှုံးကုန်မှာ ” ဟု ၎င်းက ပြောသည်။
သာယာဝတီခရိုင်အတွင်း ဂမုန်းရေလှောင်တမံ၊ မင်းလှရေလှောင်တမံ၊ သဲကော်ရေလှောင်တမံ၊ ဘော်ဘင်ရေလှောင်တမံ၊ ကံတင်းဘီလင်းရေလှောင်တမံ၊ သုံးဆယ်ရေလှောင်တမံ ခုနှစ်ထက်ကျော်ရှိပြီး ယခုလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်မြောင်းဝန်များရှိသည့် တမံများ၏ ရေပိုလွှဲမှ ရေလွှတ်ချမှုများပြုလုပ်နိုင်ခဲ့ကြောင်း ဆည်မြောင်းဝန်ထမ်းဟောင်းတစ်ဦးက ပြောသည်။
“ရေတော့မကြီးပါဘူး။ အနိမ့်ပိုင်းတွေမှာ အနည်းငယ်ရေဝင်တာလောက်ပဲရှိတယ်။ အခုရက်တော့ ရေပြန်ကျသွားတယ်။ ရေလှောင်တမံတွေမှာ ဝန်ထမ်းတွေ အမြဲရှိနေမှ အမြဲစောင့်ကြည့်နေနိုင်မှ အဆင်ပြေတာ၊ နို့မို့ဆိုရင် အန္တရာယ်များတယ်။ တစ်နေ့ကို တစ်ခါနှစ်ခါလောက် စစ်ဆေးပေးရတယ်။ အခုလို မိုးကောင်းတဲ့ ရာသီတွေဆိုပိုကြောက်ရတယ်။ သစ်ပင်တွေပိတ်တာ၊ တမံဘောင်တွေမှာ သစ်ပင်ခိုက်မိပြီး ပြိုကျတာတွေဖြစ်နိုင်တယ် ” ဟု အထက်ပါ ဝန်ထမ်းဟောင်းကရှင်းပြသည်။
သာယာ၀တီခရိုင်အတွင်းရှိ ရေလှောင်တမံများသည် ပဲခူးရိုးမအတွင်းတည်ရှိပြီး ပဲခူးရိုးမအား စိုးမိုးနိုင်ရန် ဆောင်ရွက်နေသည့် တော်လှန်ရေးတပ်ဖွဲ့မျာနှင့် စစ်ကောင်စီတပ်များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဆည်မြောင်းဝန်ထမ်းများ၊ သစ်တောဝန်ထမ်းများနှင့် ဆင်ဦးစီးများသည် စခန်းစွန့်ခွာထွက်ပြေးသူများရှိသလို တော်လှန်ရေးတပ်ဖွဲ့များထံ ခိုလှုံသူများလည်းရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
၂၀၂၄ခုနှစ်၊စက်တင်ဘာ ၁၀ရက်မှ စတင်ကာ တိုင်ဖွန်းမုန်တိုင်း ယာဂီ၏ မုန်တိုင်းအကြွမ်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်းများကြောင့် မြန်မာနိုင်ငံအနှံ့အပြား မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဆည်နှင့် တမံ ရေပိုလွှဲများမှ ရေ အများအပြားကျခြင်းနှင့် မြစ်ရေမြင့်တက်ခြင်းများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
ထိုကဲ့သို့ ရေကြီးရေလျှံမှုကြောင့် နေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာဝတီ၊ ကယား၊ ကရင်၊ မွန်နှင့် ရှမ်း စသည့် ဒေသများရှိ မြို့နယ် ၅၆ခုမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကာ၊ သေဆုံးသူ ၂၆၈ဦး ရှိခဲ့ပြီး ပျောက်ဆုံးသူ ၈၈ဦး ရှိသည်ဟု စစ်ကောင်စီက စက်တင်ဘာလ ၁၈ရက်တွင် ထုတ်ပြန်ထားသည်။