By Jar Seng / MPA
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြို့နယ်များအနက် စစ်တွေမြို့တွင် အိမ်သုံးပစ္စည်းများ၊ ဆိုင်ကယ်နှင့် စက်ဘီး ပျောက်ဆုံးမှုများအပြင် နေအိမ်ဖောက်ထွင်းခံရမှုများ ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများအပြင် စစ်ကောင်စီက ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ထားခြင်းကြောင့် ကုန်စျေးနှုန်းများအဆမတန်မြင့်မားလာမှုအပြင် အလုပ်လက်မဲ့များ များပြားလပြီး အထက်ပါဖြစ်စဉ်များ ပိုမိုဖြစ်ပွားလာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“မိုခါမုန်တိုင်း ပြီးလို့ အိမ်က အကုန်လုံး ပျက်စီးကုန်တယ်။ အဲဒါကို မရှိတဲ့ ပိုက်ဆံနဲ့စုပြီး အသစ်ဝယ်ပြီး ပြုပြင်ထားတာ။အိမ်က ပျဉ်းကတိုးလှေကားကအစ ဖြုတ်ယူတယ်။ သစ်တိုသစ်ကအစ ခိုးတာ၊ စုစုပေါင်း သိန်း တစ်ရာလောက် အခိုးခံလိုက်ရတယ်” ဟု စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ဒေသခံ တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့များ၌ ခိုးယူမှုနှင့် နေအိမ်ဖောက်ထွင်းမှုများသည် အာရက္ခတပ်တော်-AA ထိန်းချုပ်ထားသည့် မြို့များထက် ပိုမိုဆိုးရွားနေကြောင်းလည်း သိရသည်။
အလားတူ ၂၀၂၄ခုနှစ် စက်တင်ဘာ ပထမပတ်အတွင်း စစ်တွေမြို့ ပြည်တော်သာ၊ မြောက်စံပြ နှင့် မကျည်းမြိုင်ရပ်ကွက်များ၌ နေအိမ် ဖောက်ထွင်းခံရမှုများ၊ ပစ္စည်းခိုးယူခံရမှုများ ရှိခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
“ ကျတော့် ဆိုင်ကယ်က ကလပ်ဘီးဆိုတော့ ကာလပေါက်ဈေးအားဖြင့် သိန်း ၂၀ အထက်ရှိတယ်။ အဲ့ဒါကို အိမ်အောက်ထဲက အခန်းမှာ သေသေချာချာ သိမ်းထားတာ၊ ပြီးခဲ့တဲ့ တစ်ပတ်က အုပ်စုလိုက် ဆိုင်ကယ်ခိုးသွားတယ်” ဟု မြောက်စံပြရပ်ကွက်တွင် နေထိုင်သူ ဒေသခံ တစ်ဦးက ပြောသည်။
လက်ရှိ စစ်တွေမြို့ ကို AA က ထိုးစစ်ဆင်မည်ကို ကြောက်ရွံ့သဖြင့် စစ်ကောင်စီသည် စစ်တွေကမ်းနားလမ်းတစ်လျှောက်၌ ခြံစည်းရိုးခတ်ကာ ခံစစ်များပြင်ထားသော်လည်း မြို့အတွင်း ခိုးယူမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုများနှင့် သတ်ဖြတ်မှုများကို သိရှိသော်လည်း ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း ဒေသခံများက ဝေဖန်လျက်ရှိသည်။
စစ်တွေမြို့အတွင်း ဖြစ်ပွားနေသည့် ခိုးယူမှုနှင့် ဖောက်ထွင်းမှုများသည် ကားများဖြင့် အုပ်စုလိုက် ဆောင်ရွက်နေခြင်းများဖြစ်သည့်အတွက် သာမန်လူများမဖြစ်နိုင်ဘဲ စစ်ကောင်စီလက်အောက်ခံ တစ်ဖွဲ့ဖွဲ့မှ ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။
“ အခုက အုပ်စုလိုက်လာကြတာ၊ ခြံစည်းရိုး သော့ခတ်ထားတာတို့၊ လူသူမရှိတဲ့ အရိပ်အယောင်ပြပြီဆိုရင် မိုးမချုပ်သေးလဲ ပစ္စည်းတွေ အကုန်ယူသွားတာ၊ အိမ်နီးနားချင်းတွေက မြင်ပေမဲ့ မပြောရဲဘူး။ မအော်ရဲဘူး။ ကြောက်နေရတာ၊ ပြီးတော့ လာရင်လဲ အုပ်စုလိုက် ကားတွေနဲ့လာကြတာ ” ဟု စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် စစ်တွေမြို့၏ ကုန်သွယ်လမ်းကြောင်းများဖြစ်သည့် ကုန်းလမ်းနှင့် ရေလမ်းကို ပိတ်ဆို့ထားပြီး၊ လေကြောင်းသာ ဖွင့်လှစ်ပေးထားပြီး အုပ်ချုပ်ရေးယန္တရားမှာလည်း လည်ပတ်ခြင်းမရှိတော့ကြောင်း သိရသည်။
ထို့ပြင် စစ်တွေမြို့ရှိ ဒေသခံများသည် စစ်ကောင်စီ၏ မတရားဖမ်းဆီးမှုများ၊ ညှဉ်းပန်းမှုများနှင့် ငွေတောင်းခံရခြင်းများကြောင့် စိတ်လုံခြုံမှုမရှိကြောင်း ဒေသခံများက ဆိုသည်။
ယင်းအပြင် စစ်တွေမြို့သို့ AA က ထိုးစစ်ဆင်လာပါက အရပ်သားများကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် အသုံးပြုမည်ကို ဒေသခံများက စိုးရိမ်နေကြောင်းလည်း သိရသည်။
၂၀၁၉ ခုနှစ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ အစီရင်ခံစာအရ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့သည် အကျယ်အဝန်း ၈၉ဒဿမ၂၄ စတုရန်းမိုင် ရှိပြီး၊ ရပ်ကွက်ပေါင်း ၃၃ ခု နှင့် လူဦးရေ စုစုပေါင်း ၃၁၈,၅၁၄ ဦး နေထိုင်ကြောင်း သိရသည်။