By Nway / MPA
မန္တလေးတိုင်း၊ မတ္တရာမြို့နှင့် နှစ်မိုင်ခန့်အကွာရှိ ပန်းယျရွာစစ်ကောင်စီအထိုင်ချစခန်းကို PDFများက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၄ရက်၊ နံနက် ခုနှစ်နာရီခန့်တွင် အင်အား ၁၀၀ ဝန်းကျင်ရှိ ပန်းယျရွာ စစ်ကောင်စီ စခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ်အနောက် ခြမ်းနေ ဒေသခံပြည်သူတစ်ဦးထံက သိရသည်။
“ မြို့ရဲ့မြောက်ဘက်ဂိတ်လို့ ခေါ်တာပဲ။ ပန်းယျကနေ ဆက်သွားရင် မြို့ထဲကို တန်းရောက်ပြီ။ တိုက်ပွဲက နှစ်နာရီလောက်ကြာတယ်။ လေယာဉ်လည်း လာပစ်တယ်။ လက်နက်ကြီးကတော့ တစ်နေကုန်ထုနေတာဗျ” ဟု ၎င်းက MPA ကို ပြောသည်။
ယင်းတိုက်ပွဲနှင့်ပတ်သက်၍ သက်ဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ ( စက်တင်ဘာ ၂၅ရက် ) ညပိုင်းအထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ပန်းယျရွာစခန်းကို PDF တို့ စတင်ဝင်တိုက်သည့်အချိန်မှစ၍ ယနေ့(စက်တင်ဘာ၂၅ရက်)အထိ မတ္တရာမြို့အဝင်အထွက်အား စစ်တပ်က ပိတ်ထားကြောင်း သိရသည်။
“ မနေ့ထဲက မြို့ဝင်မြို့ထွက်တွေ ပိတ်ထားတယ်။ ပြည်သူတွေလည်း ဘယ်သူမှမသွားကြပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
မတ္တရာမြို့နယ် အနောက်ခြမ်းတွင်လည်း စက်တင်ဘာ ၂၁ရက်မှစ၍ စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် သုံးဆယ်ပေးရွာ၊ ကုန်းတန်းလေးရွာ၊ ကုန်းတန်းကြီးရွာ၊ ဆူးလေကုန်းရွာနှင့် ဘုရားမကုန်းရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။