By Nway / MPA
မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ ဖုံရွာသားသုံးဦးကို စစ်ကောင်စီတပ် သတ်ကာ မီးရှို့အလောင်းဖျောက် သွား ကြောင်း သိရသည်။
ယနေ့ (စက်တင်ဘာ ၂၅ရက်) နံနက် ခုနှစ်နာရီခန့်တွင် မြင်းခြံမြို့အခြေစိုက် ခမရ ၁၅မှ ဖောကားလေးစီးဖြင့် ထွက်လာသော အင်အား ၁၀၀ဝန်းကျင်ပါ စစ်သားများသည် ဖုံရွာကို ပိတ်ဆို့ကာ ရွာသားများအား ဖမ်းဆီးခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံက သိရသည်။
” မနက်ဝေလီဝေလင်းထွက်လာပြီး ပတ်နေတာ။ ခုနှစ်နာရီလောက်ကျတော့ ရွာကို ပိတ်ပြီး ရွာသား တွေကို ဖမ်းထားတယ်။ အဲဒီအထဲက ရွာသား သုံးဦးကို သတ်သွားတယ်။ နှစ်ယောက်က ညီအစ်ကို တွေ။ ကျန်တစ်ယောက်က အိမ်နားနီးချင်း “ ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ် ဦး က MPA ကို ပြောသည်။
စစ်သားများသည် ရွာကို ပိတ်ဆို့ကာ ရွာသားများအား ဖမ်းဆီးခဲ့ပြီး နံနက် ၈နာရီခန့်တွင် ခမရ ၁၅သို့ ပြန်သွားကြောင်းသိရသည်။
သတ်ဖြတ်ခံရသည့် ရွာသား သုံးဦးမှာ အသက် ၅၀ ဝန်းကျင်အရွယ်များဖြစ်ပြီး နေအိမ်များကို မီးရှို့ကာ အလောင်းများအား ပစ်ထည့်ခဲ့ကြောင်း သိရသည်။
“ အိမ်က ငါးလုံးလောက်ပဲ လောင်သွားတယ်။ အလောင်းဖျောက်ချင်တာနဲ့တူပါတယ်။ပြီးတော့ အလောင်းတွေရဲ့လက်ထဲ ဓားမတွေထည့်ပြီး ဓားကိုင်တဲ့ပုံစံဖြစ်အောင် လုပ်ထားတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
မည်သို့သောအကြောင်းကြောင့် ဖုံရွာသို့ ဝင်ရောက်စီးနင်းသလဲဆိုသည်နှင့် ရွာသားသုံးဦးအား သတ် ဖြတ်ရခြင်းအကြောင်းကိုမူ မသိရှိပေ။
ဖုံရွာသည် မြင်းခြံမြို့၏ ၂မိုင်ခန့်အကွာတွင်တည်ရှိသည်။
စက်တင်ဘာ ၂၁ရက်ကလည်း ခမရ၁၅ မှ ပစ်ခတ်လိုက်သော ဟောက်ဝှစ်ဇာအမြောက် ထိမှန်ကာ ထိန်ပန်းရွာသားနှစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။