By Garcia Ni / MPA
မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်းရှိ ဂန့်ဂေါ-ပုလဲလမ်းပိုင်းတစ်နေရာတွင် ကားလမ်းချော်မှုဖြစ်ပေါ်ကာ ယာဉ်တိမ်းမှောက်ပြီးနောက် ကားအစီးရေရာကျော်ပိတ်မိနေသည်မှာ တစ်လနီးပါးကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာလဆန်းပိုင်းမှ စတင်ကာ ဂန့်ဂေါ-ပုလဲလမ်းပိုင်း၌ ကားပိတ်မှုဖြစ်ပေါ်နေသည့်အတွက် ဆိုင်ကယ်ကယ်ရီများကို အားကိုးနေရပြီး ဆိုင်ကယ်ကယ်ရီခသည်လည်း လူတစ်ဦးလျှင် တစ်သိန်းနီးပါးပေးရကြောင်း ဒေသခံများက ဆိုသည်။
” စင်းဇယ်၊ ရေပုတ်အနောက်နားကနေပြီး ရွှံ့ဗွက်က ကားဘီးကိုနစ်တဲ့အထိဖြစ်နေတာ၊ အဲ့ဒါကို ဝှီးတွေဘာတွေနဲ့ဆွဲတယ်။ ဆွဲလို့ကမရဘူး။ မရဘဲနဲ့ ဆွဲတဲ့ဝှီးကပါနစ်နေတာဗျ၊ အဲ့ဒါကြောင့်ကားတွေပိတ်နေတာ၊ အခုဆို ကားအစီးတစ်ရာကျော်၊ တစ်ရာ့ငါးဆယ်လောက်ရှိမယ် “ ဟု စင်းဇယ်ဒေသခံအမျိုးသားတစ်ဦးက MPAကိုပြောသည်။
ယင်းအပြင် အဆိုပါလမ်းပိုင်းတွင် ကားငါးစီးခန့်လမ်းချော် တိမ်းမှောက်လျက်ရှိပြီး ပြန်လည်တည့်မတ်နိုင်ခြင်းမရှိသေးကြောင်း ၎င်းကဆက်လက်ပြောသည်။
ထို့သို့ ကားပိတ်နေမှုကြောင့် ခရီးသည်များအနေဖြင့် ဆိုင်ကယ်ကယ်ရီများကို ငှား၍သွားလာနေကြပြီး လူတစ်ဦးလျှင် ကယ်ရီခတစ်သိန်းကျပ်နီးပါးအထိ ရှိနေကြောင်း သိရသည်။
” ဒီဘက် စင်းဇယ်၊ ရေပုတ်ကနေ ရှုံးရှီ၊ အနောက်ဂန့်ဂေါဘက်ထိ လူတစ်ယောက်ကို ရှစ်သောင်းကျော်၊ တစ်သိန်းနီးပါးရှိတယ်ဗျ၊ ဆီကလည်း သုံးလေးဗူးထည့်ရတယ်လေ။ ဆီစျေးကလည်းကြီးတော့ တစ်ခေါက်ကို နှစ်သောင်း၊သုံးသောင်းလောက်အကျန် လိုက်နေကြတာ” ဟု ကယ်ရီသမားတစ်ဦးက ပြောသည်။
လက်ရှိ အဆိုပါလမ်းပိုင်း ပြန်လည်ပွင့်နိုင်ရေးအတွက် ဒေသကာကွယ်ရေးရဲဘော်များ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ကားသမားများနှင့်ပူးပေါင်း၍ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
” နစ်နေတဲ့ကားတွေထုတ်နိုင်ပြီးရင်တော့ ကျောက်စရစ်တွေ၊ မြေတွေနဲ့ဖို့နိုင်ပြီးရင် လမ်းကြောကပွင့်ပါပြီ၊ အခုက အဲ့ဒီနစ်နေတဲ့ကားကိုကို မထုတ်နိုင်သေးဘူးဖြစ်နေတာ” ဟု စင်းဇယ်ရွာ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါလမ်းပိုင်းသည် ရေမျက်နီရဲစခန်းတိုက်ပွဲအခြေအနေနှင့် စစ်ကောင်စီ၏စစ်ကြောင်းထိုးမှုများကြောင့် ရေမျက်နီကိုကွင်း၍သွားသော လမ်းပိုင်းဖြစ်ကြောင်းလည်းသိရသည်။
” ရေမျက်နီပထမတိုက်ပွဲပြီးတော့ကို ရေမျက်နီကိုဖြတ်ပြီးကားတွေသွားသေးတယ်။ အဲ့ဒါမှာ ဘိလပ်မြေသယ်တဲ့ကားနှစ်စီးဖမ်းခံရတယ်။ ပြီးတော့ ဘိလပ်မြေအိတ်တွေသိမ်းပြီး အုတ်တံတိုင်းတွေ ဘန်ကာတွေဆောက်တယ်လို့ပြောတယ်။ ပြီးရင်လည်း ခေါက်ဆွဲခြောက်တို့၊ ကော်ဖီတို့ စတဲ့ရိက္ခာတွေဆိုလည်း ခွေးတွေ(စကစ)ကသုံးလေးဖာ အဲ့ဒီလိုသိမ်းတာမျိုးလည်းရှိတော့ ကားတွေက ရေမျက်နီရဲစခန်းရှေ့ကကို ဖြတ်မသွားကြတော့တာ၊ လမ်းပိတ်ထားတာမျိုးတော့မဟုတ်ဘူး” ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက MPAကိုပြောသည်။
ရေမျက်နီရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များက ၂၀၂၃ခု၊ ဒီဇင်ဘာ လေးရက်နေ့တွင် တစ်ပတ်ကြာစခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး စခန်း ၈၀ရာခိုင်နှုန်းသိမ်းပိုက်ရရှိခဲ့သော်လည်း စစ်ကောင်စီ၏ လေကြောင်းပစ်ကူများစွာအသုံးပြုခြင်းနှင့် မြေပြင်စစ်ကူများရောက်ရှိလာခြင်းကြောင့် ပြန်လည်နောက်ဆုတ်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

