By Ko Paing / MPA
စစ်အုပ်စုဝင်များ ထွက်ပြေးသွားသော ရေစကြိုမြို့နယ်၊ဆင်မရဲရွာကို PDF တို့ ရေရှည်ထိန်းချုပ်နိုင်အောင် စီစဉ်နေကြောင်း သိရသည်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ဆင်မရဲရွာ ပျူစောထီးစခန်းမှ စစ်သားနှင့်ပျူစောထီးတို့သည် ၎င်းတို့၏ မိသားစုများနှင့်ဒဏ်ရာရရှိသူများကို ခေါ်ဆောင်ကာ စက်လှေများဖြင့် စက်တင်ဘာ ၂၄ ရက်၊နံနက်ငါးနာရီဝန်းကျင်တွင် မြင်းခြံမြို့နယ်၊ဆိတ်ညံရွာရှိ စစ်ကောင်စီစခန်းသို့ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း Urban Underground Revolution Force (YSO) ထံက သိရသည်။
“ရွာကို ကျတော်တို့ ရေရှည်ထိန်းချုပ်နိုင်အောင်တော့ စီစဥ်နေပါတယ်။ပြည်သူတွေကို စိစစ်ပြီးတော့ ရွာထဲကို ပေးဝင်နေပါပြီ။၂၁ ရက်နေ့ စခန်းကို တိုက်ပြီး လေကြောင်းလာပစ်ပြီးကတည်းက မြေပြင်ရောလေကြောင်းရော မလာပါဘူး” ဟု Urban Underground Revolution Force (YSO)မှ တပ်ခွဲမှူး ကိုချမ်း က MPAသို့ပြောသည်။
ယနေ့(စက်တင်ဘာ၂၅ရက်)တွင် ကျေးရွာသားများကို စိစစ်ကာ ရွာထဲသို့ ပြန်လည်ဝင်ခွင့်ပြုနေကြောင်း သိရသည်။
“သူတို့ က မနက်အစောကြီး လှေတွေနဲ့ ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး မြင်းခြံ၊ဆိတ်ညံရွာကို ထွက်ပြေးသွားတာပါ။ ဆိတ်ညံမှာက စစ်ကောင်စီစခန်းရှိတယ်။ပျူစောထီးတွေရဲ့ မိသားစုဝင်တွေလည်းပါတယ်” ဟု ပခုက္ကူခရိုင်တပ်ရင်းသုံး မှပြောရေးဆိုခွင့်ရှိသူ ကပြောသည်။
စက်တင်ဘာ၂၁ရက်တွင် PDFတပ်ဖွဲ့များက ဆင်မရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ပြီးနောက် ခေတ္တ ပြန်ဆုတ်ကာ ရွာအား ပိတ်ဆို့ထားပြီးနောက် နေ့စဉ် ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာစက်တင်ဘာ၂၄ရက်နံနက်၌ စစ်အုပ်စုဝင်များ ထွက်ပြေးသွားကြခြင်းဖြစ်သည်။
ယင်းစခန်းစီးနင်းတိုက်ခိုက်မှုတွင် ပျူစောထီး လေးဦးသေဆုံးပြီး နှစ်ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။
ယင်းစီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က Mi 35 ဖြင့် နှစ်ကြိမ်၊ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့သည့်အပြင် ဟောင်ဝှစ်ဇာလက်နက်ကြီး အလုံး ၃၀ ကျော်ပစ်ခတ် တိုက်ခိုက်ခဲ့သေးကြောင်းသိရသည်။
“ကျတော်တို့ နယ်မြေရှင်းလင်းရေးဝင်တော့ သူတို့ စခန်းမှာ ဘန်ကာ ငါးလုံးရှိတယ်။ဘန်ကာတွေကို မဖျက်သေးပါဘူး။ကျနော်တို့ ရွာကိုထိန်းထားပါတယ်” ဟု ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့-YSO မှ ပြန်ကြားရေးတာဝန်ခံ ဦးမျိုး ကပြောသည်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်းသိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Burma Revolution Rangers၊ Urban Underground Revolution Force (YSO)၊ ပခုက္ကူခရိုင် တပ်ရင်းသုံး ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၀ ၊ ပခုက္ကူခရိုင် တပ်ရင်း နှစ်၊ မြင်းခြံခရိုင် တပ်ရင်း တစ် ၊ မြိုင် ပကဖ ဒရုန်းတပ်ဖွဲ့၊ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ (YSO)၊ ဒေါင်းစစ်သည် ပခုက္ကူအဖွဲ့၊ ဒေါင်းညီသွေးနီ သွေး သောက် YSO၊ RDS၊ နဂါးနီအထူးတပ်ဖွဲ့ မြိုင်၊ မြောင်တပ်ပေါင်းစု၊ Myaing Revolution Team၊ ညီနောင်သုံးဖော် YSO၊ Dragon Brother YSO၊ RC တပ်ပေါင်းစုနှင့် RC ပလိပ်တပ်ပေါင်းစုအဖွဲ့များက ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပျူစောထီးများသေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။