By Nway / MPA
ရဲတစ်ဦးကိုသတ်ကာ သေနတ်နှစ်လက် လုယက်ပြီး ပျူစောထီးနှစ်ဦး အလင်းဝင်လာကြောင်း မြိုင်ပကဖက ယနေ့ ( စက်တင်ဘာ ၂၄ရက် ) ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၁၉ရက်က မြိုင်မြို့ပေါ်မှ ပျူစောထီးနှစ်ဦးသည် ၎င်းတို့နှင့်အတူပါလာသော ရဲတပ်သားကို ပစ်သတ်ကာ ယင်းရဲထံမှ G3 သေနတ်တစ်လက်၊ MA1 တစ်လက်နှင့် ဆက်စပ်ကျည်များယူဆောင်ကာ အလင်းဝင်လာခဲ့ကြောင်း သိရသည်။
“ ပျူနှစ်ယောက်လုံးရဲ့ အဖေတွေက ပျူခေါင်းဆောင်တွေ။ ရဲကို ပုဆိုးဝယ်သွားမယ်ဆိုပြီး ခေါ်လာပြီး ပစ်သတ်။ သူ့ရဲ့ သေနတ်တွေကိုယူပြီး ထွက်ပြေးလာတာ။ ပျူက ကာဘိုင်ကိုင်တာ။ အဲဒါကို လွှတ်ပစ်ခဲ့လို့ မနေ့က ပြန်သွားရှာတာ တွေ့လာတယ်” ဟု မြိုင်ပကဖဒုတာဝန်ခံ ကိုကျောက်တိုင်က MPA ကို ပြောသည်။
အလင်းဝင်လာသည့် ပျူစောထီးနှစ်ဦးသည် ၎င်းတို့ကိုင်ဆောင်သော ကာဘိုင်သေနတ်တစ်လက်ကို မြိုင်မြို့အနီးတွင် လွှတ်ပစ်ခဲ့ကြသဖြင့် စက်တင်ဘာ ၂၃ရက်က မြိုင်ပကဖရဲဘော်များ သွားရောက်ရှာဖွေခဲ့ရာ တွေ့ရှိခဲ့သည်။
စက်တင်ဘာ၁၇ရက်က HKအမျိုးအစားသေနတ်တစ်လက်နှင့် ကျည်၉၈တောင့်ယူဆောင်လာပြီး ရဲဒုတပ်ကြပ်တစ်ဦး အလင်းဝင်လာသလို စက်တင်ဘာ ၁၅ရက်ကလည်း AK သေနတ်တစ်လက်နှင့် ကျည် ၄၅တောင့် ယူဆောင်ကာ ရဲတပ်သားတစ်ဦး အလင်းဝင်လာကြောင်း ၎င်းတို့နှစ်ဦးစလုံးမှာ မြိုင်မြို့ပေါ်၌ တာဝန်ကျနေသည့် ရဲ များဖြစ်ကြောင်း သိရသည်။
” သူတို့က စစ်ကြောင်းတွေမလိုက်ရဘူး။ မြို့ပေါ်မှာ ကင်းစောင့်ရတာလောက်ပဲ။ ဒုတပ်ကြပ်က စစ်ကောင်စီကို ပြန်တိုက်မယ်ပြောတယ်။ ဒီအတောအတွင်း ရေစကြိုဘက် မစ်ရှင်ဖော်ဆောင်တော့ တောင် ပါသေးတယ်။ ကျန်တဲ့ရဲတပ်သားက ရခိုင်ဘက်ကနေ မြိုင်မှာ တာဝန်ကျတာ။ သူကတော့ အေးဆေးနေချင်တယ်ပြောတယ် “ ဟု ၎င်းက ဆက်လက်ပြောသည်။
၂၀၂၄ ခုနှစ်အတွင်း မြိုင်ပကဖ ထံသို့ အလင်းဝင်လာသည့် စစ်သား၊ ရဲနှင့် ပျူ စုစုပေါင်း ၁၄ဦးရှိပြီဖြစ်ပြီး ယင်းအထဲ၌ လက်နက်မပါဘဲ အလင်းဝင်လာသူ ငါးဦးရှိကြောင်း ကိုကျောက်တိုင်ကပြောသည်။
မြိုင်မြို့ကို ကာကွယ်ရေးတပ်ဖွဲ့များက ထောက်ကင်းများဖြင့် ဝိုင်းဝန်းပိတ်ဆို့ထားပြီး စစ်ကောင်စီအထိုင်ချစခန်းများကို မကြာခဏတိုက်ခိုက်နေသည့်အပြင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း စနိုက်ပါဖြင့် ပစ်ခတ်နေကြသည်။