By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကဘဲကျေးရွာအနီးရှိ စစ်ကောင်စီ ကာကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) က ယနေ့(စက်တင်ဘာ၂၄ရက်) သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၂၂ ရက်၊ နံနက် နှစ်နာရီကျော်တွင် တန့်ဆည်မြို့နယ်၊ကဘဲရွာအနီး စစ်သားနှင့်ပျူစောထီး အင်အား ၂၀ ခန့်ရှိ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဝင်များ ပြန်လည်ခုခံခြင်းမပြုဘဲ စခန်းစွန့်ထွက်ပြေးသွားကြကြောင်းသိရသည်။
“ကဘဲရွာအနောက်မှာရှိတဲ့ ပျူရွာတွေရဲ့ ကာကင်းစခန်းပုံစံမျိုးပါ။ဘန်ကာတွေနဲ့အခိုင်မာတည်ဆောက်ထားတာ။ဘန်ကာအောက်မှာ မြေအောက်လိုဏ်ခေါင်းတွေ တည်ဆောက်ထားတာကိုလည်းတွေ့ရတယ်။ တော်လှန်ရေးတပ်တွေ စချဥ်းကပ်ကတည်းက ထွက်ပြေးသွားတာပါ” ဟု PLA သတင်းပြန်ကြားတာဝန်ခံ က MPAသို့ ပြောသည်။
စခန်းစွန့်ထွက်ပြေးသွားသောကြောင့် ဘန်ကာများကိုဖြိုချပြီး ကင်းစခန်းအား မီးရှို့ဖျက်ဆီးကာ နံနက် လေးနာရီမထိုးမီ ပြန်လည်ဆုတ်ခွာခဲ့ကြကြောင်းသိရသည်။
“ပြည်သူတွေနေတဲ့ ရွာထဲနဲ့ ကင်းစခန်းက ဝေးပါတယ်။ကျတော်တို့ မီးရှို့တာ ရွာကိုမဟုတ်ပါဘူး။ကာကင်းစခန်းကိုပဲ ရှို့ခဲ့တာပါ။ဒီနေ့အထိတော့ ကဘဲရွာကို ပြန်တပ်စွဲတာမျိုးမကြားမိပါဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းကာကင်းစခန်းသည် ကဘဲ၊ဘေရင်း၊မူးကျင်းနှင့်မူးဂွ ပျူစောထီးကျေးရွာများကို ကာကင်းယူပေးထားသည့် စခန်းဖြစ်ကြောင်းသိရသည်။
အဆိုပါစခန်းစီးနင်းမှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ရွှေဘိုခရိုင်တပ်ရင်း၂၅(TPC)၊ရွှေဘိုခရိုင်တပ်ရင်း၁၆၊တန့်ဆည်မြို့နယ်(ပကဖ)နှင့်ဒေသတွင်းတော်လှန်ရေးအင်အားစုများ ပူးပေါင်းဆင်နွှဲခဲ့ကြောင်း သိရသည်။