By Ra Wai / MPA
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း စစ်မှုထမ်းအဌားလိုက်ကြသူ ၁၂ဦးတို့သည် ရခိုင်နှင့် စစ်ကိုင်းတိုင်း စစ်မျက်နှာတို့၌ သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
၎င်းတို့၁၂ဦးမှာ စစ်မှုထမ်းအပတ်စဉ်တစ် သင်တန်းဆင်းများဖြစ်ပြီး သင်တန်းဆင်းသည်နှင့် တိုက်ပွဲ များ ပြင်းထန်သည့်နေရာများသို့ စေလွှတ်ခံရကာ တိုက်ပွဲများ၌ သေဆုံးသွားခြင်းဖြစ်ကြောင်း ချောင်း ဆုံမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးကပြောသည်။
“ကျတော်တို့ချောင်းဆုံမှာ အပတ်စဉ်တစ်ကစပြီး စစ်မှုထမ်းခွဲတမ်းချပေးတာကို ရပ်ရွာတွေကို ငွေစု ပြီး လူဌားလိုက်မယ့်သူ ခေါ်တယ်။လူဌားလိုက်တဲ့သူတွေကလည်း သင်တန်းဆင်းပြီးရင် ချောင်းဆုံ နားဝန်းကျင်မှာပဲ ပြန်တာဝန်ပေးမယ်ဆိုလို့ လိုက်သွားကြတာ အခုက သင်တန်းဆင်းပြီး သေနတ်ပစ်တတ်ရုံလောက်နဲ့ တကယ်တိုက်ရတဲ့ သေမယ့်နေရာတွေချည်း ပို့တာဆိုတော့ သေကြ တာ” ဟု ၎င်းက MPA သို့ပြောသည်။
သေဆုံးသွားသည့် ၁၂ဦးထဲတွင် ချောင်းဆုံမြို့သား ၈ဦး ပါဝင်ပြီး ကျန်လေးဦးမှာ အခြားသောအရပ် ဒေသများမှ စစ်မှုထမ်းအဌားလိုက်ကြသူများဖြစ်ကြောင်း သိရသည်။
စစ်မှုထမ်းအပတ်စဉ်တစ်တွင် ချောင်းဆုံမြို့နယ်အတွက် ၇၅ဦးအဓမ္မခွဲတမ်းချခံရပြီး ၇၅ဦးစလုံး ကို ရပ်ရွာပြည်သူများက ငွေပေးကာ လူဌားခေါ်ခဲ့ခြင်းဖြစ်ကြောင်း ချောင်းဆုံမြို့နယ်၊မုရစ်ကြီးရွာ သားတစ်ဦးကပြောသည်။
“အဲဒီတုန်းက စစ်မှုထမ်းအဌားခေါ်တာ ပေါက်ဈေးက တစ်ယောက်ကို သိန်း၃၀ ကနေ သိန်း၅၀အထိ အစားစားရှိတယ်။ချောင်းဆုံမြို့သားတွေ အဌားလိုက်တာနည်းတယ်။အများစု လိုက်ကြတာက ချောင်းဆုံမှာ အလုပ်လာလုပ်နေတဲ့ တခြားအရပ်က၊ပဲခူးတို့ဘာတို့ဘက်က လူတွေ အဌားလိုက်ကြ တာ။အခုသေသွားတဲ့အထဲမှာ ကျတော်တို့ မုရစ်ကြီးရွာသား တစ်ယောက်လည်း ပါတယ်” ဟု၎င်းက ပြောသည်။
စစ်မှုထမ်းအပတ်စဉ်တစ်တွင် ချောင်းဆုံမြို့သား ၁၀ဦးကျော် အဌားလိုက်ကြပြီး ယခုသေဆုံးသွား သည့် ချောင်းဆုံမြို့သားရှစ်ဦးမှာ မုရစ်ကြီး၊ဝယ်လမ်း၊ဖံဖ၊ခရိုက်ဒူးနှင့် ဆယ်ပလာကျေးရွာအုပ်စုတို့ မှ ဖြစ်ကြောင်း ချောင်း ဆုံမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးဝန်ထမ်းများနှင့် နီးစပ်သူကပြောသည်။
“သေတဲ့ ကျန်တဲ့လေးယောက်က တခြားအရပ်သားတွေဆိုတော့ ဘယ်အရပ်ကလဲဆိုတာ သေချာ မသိဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုအခါ မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်အတွင်းရှိ အမှတ်လေးတန်းမြင့်လေ့ကျင်ရေးကျောင်းတွင် စစ်မှုထမ်းအပတ်စဉ်ငါး သင်တန်းဖွင့်နေပြီဖြစ်သည်။