By Ra Wai / MPA
တွေ့ဆုံဆွေးနွေးအဖြေရှာသွားမည်ဆိုသည့် MNDAA ၏ သဘောထားကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကာ ဆွဲဆုတ်ပြလိုက်ကြောင်း နိုင်ငံရေးဆောင်းပါးရှင်တစ်ဦး က ဆိုသည်။
MNDAAအနေနှင့် NUGနှင့် စစ်ရေး၊နိုင်ငံရေးအရ ပူးပေါင်းခြင်း၊စစ်မြေပြင်များ ချဲ့ထွင် ခြင်း၊ မန္တလေး နှင့်တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်းနှင့် MNDAAအနေနှင့် ချက်ချင်းအပစ်ရပ်ပြီး တရုတ်နိုင်ငံနှင့်တက်တက်ကြွကြွ ပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသော လမ်းစဉ်ဖြင့် အဖြေရှာဖြေရှင်းသွားမည် ဖြစ်ကြောင်း စက်တင်ဘာ၁၈ရက်က ထုတ်ပြန်ပြီး သုံးရက်အကြာ စက်တင်ဘာ ၂၁ရက် ည၌ MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့အား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ခြင်းအပေါ် ၎င်းက ယင်းသို့ မှတ်ချက်ပြုခြင်းဖြစ်သည်။
“စစ်ကောင်စီရဲ့ သဘောထားကတော့ MNDAA နဲ့ လုံးဝမဆွေးနွေးဘူး။MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးနဲ့ တခြားမြို့တွေကို စစ်ကောင်စီလက်ထဲ ပြန်အပ်ပြီး လောက်ကိုင်ပြန်ဖို့ပဲ ခြွင်းချက်မရှိ လို ချင်နေတာလို့ ပြောနိုင်တယ်။အဲဒါကြောင့် MNDAAကြေညာချက်ကို ဗုံးကြဲပြီး ဆွဲဆုတ်ပြလိုက်တာ” ဟု ၎င်းက MPA သို့ပြောသည်။
စက်တင်ဘာ၂၁ရက်ညပိုင်းတွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးနှစ်လုံး ကြဲတိုက်ခိုက်ခဲ့ရာ လားရှိုးမြို့၊ရပ်ကွက်၁၂၊ အထကသုံးကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ လူနေအဆောက်အအုံပေါ်သို့ ဗုံး တစ်လုံးကျရောက်ခဲ့ပြီး နောက်တစ်လုံးမှာ ရပ်ကွက်တစ်အတွင်းရှိ ယခင် စည်ပင်သာယာရုံးရှေ့ လမ်းမပေါ်သို့ ကျရောက်ခဲ့ကြောင်း ယင်းဗုံးကြဲမှုကြောင့် ပြည်သူတစ်ဦး ဒဏ်ရာရခဲ့ပြီး အဆောက်အအုံနှစ်လုံး ထိခိုက်ပျက်စီးမှုများခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။
“လားရှိုးမြို့ပေါ်မှာ ပြည်သူတွေက ညရောက်ပြီဆိုတာနဲ့ အိမ်အပြင်မထွက်တော့ဘူး။ပြည်သူတွေက ညဘက် ဗုံးလာကြဲမှာ ကြောက်နေကြတာ။စစ်တပ်က ညဘက်ဗုံးကြဲတယ်ဆိုတာ ပြည်သူတွေ မ သေသေအောင် လုပ်တာ”ဟု လားရှိုးအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။
စစ်တပ်၏ ယင်းသို့ ဗုံးကြဲတိုက်ခိုက်မှုသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန်အတွက် ဆောင်ရွက်နေကြသူတို့၏ ကြိုးပမ်းမှုအားလုံးအား အလဟဿဖြစ်စေမည်မှာ သေချာကြောင်း MNDAAက စက်တင်ဘာ၂၂ရက်၌ ထုတ်ပြန်ထားသည်။
MNDAA ၏ ရပ်တည်ချက်သဘောထား ထုတ်ပြန်ချက်ထဲတွင် ကိုယ့်ကိုယ့်ကိုယ် ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမည်ဟုလည်း ဖော်ပြထားသည်။
MNDAA ၏ ရပ်တည်ချက်သဘောထားထုတ်ပြန်ချက်ကို စက်တင်ဘာလေးရက်၊ရက်စွဲဖြင့် ထုတ်ပြန်ထားသော်လည်း စက်တင်ဘာ၁၈ရက်မှသာ MNDAA ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်သို့ တင်ခဲ့သည်။