By Ra Wai / MPA
ရန်ကုန်မြို့၊ အင်းစိန်ထာင်မှ အကျဉ်းသားများကို သာယာဝတီထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်းသိရသည်။
ယနေ့ ( စက်တင်ဘာ ၂၂ရက်) နံနက်ပိုင်းတွင် ကားငါးစီးဖြင့် အင်းစိန်ထောင်မှ အကျဉ်းသားများကို သာယာဝတီထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ယင်းအကျဉ်းသားများထဲ၌ နိုင်ငံရေးအကျဉ်းသားများလည်း ပါဝင်ကာ အရေအတွက် အတိအကျ မသိရသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံက သိရသည်။
“ အဓိကအားဖြင့် မုံရွာကိုကြည့်မယ်ဆိုရင် စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက စစ်ရေးအားဖြင့် လုံခြုံရေးမပေးနိုင်ဘူးဆိုတဲ့ ယူဆချက်တွေပါတယ်။ နောက်တစ်ခုက မြို့ပြတွေမှာပါ မလုံခြုံတော့တဲ့ အခြေအနေတစ်ခုဖြစ်တဲ့အခါ သူတို့ထိန်းချုပ်နိုင်မယ်လို့ ယူဆတဲ့ဒေသတွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို အဓိကပြောင်းရွှေ့တယ်။ နောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျဆင်းဖို့ရည်ရွယ်ပြီး ပြောင်းရွှေ့နေတယ်လို့ ပြောလို့ရတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်၊ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPA သို့ပြောသည်။
ထောင်ပြောင်းရွှေ့သည့်အခါ မိသားစုဝင်များကို အသိပေးခြင်းမရှိသည့်အတွက် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေပြီး ထောင်ဝင်စာပေးပို့ရန်လည်း မလွယ်ကူတော့ကြောင်း ၎င်းကပြောသည်။
“ နီးစပ်နေရာမှာရှိတဲ့ မိမိ မိသားစုကိုပို့ဖို့တောင် တစ်လလုံးကြိုးစားရှာဖွေကြရတယ်။ ခုဆို ပို့ဖို့ဆိုရင် ပုံမှန်တစ်လတစ်ကြိမ်ပို့တဲ့ မိသားစုတွေက သွားရေးလာရေးအတွက်ပါ ပိုက်ဆံပိုပြီးစုရမှာဖြစ် တဲ့အတွက် နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်ပို့ဖို့တောင် အတော်လေးရုန်ကန်ရမယ့်အခြေအ နေတွေနဲ့ ရင်ဆိုင်ရအောင်လို့ ရည်ရွယ်ချက်ရှိရှိ ထောင်းပြောင်းရွှေ့တာလို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
စက်တင်ဘာ ၂၂ရက်ကလည်း မုံရွာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အယောက် ၁၀၀ဝန်းကျင်ကို ချင်းတွင်းမြစ်ကြောင်းမှ ဖလက်အမြန်ရေယာဉ်များဖြင့် ခေါ်ဆောင်သွားပြီး မကွေးထောင်သို့ပို့ဆောင်နေကြောင်း သိရသည်။