By Ra Wai / MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ခြေဆေးရွာအနီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးသုံးဦး ဒဏ်ရာရပြီး နွား၂၈ကောင်သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ (စက်တင်ဘာ ၂၂ရက်) နံနက် ရှစ်နာရီခန့်က ခြေဆေးကျေးရွာအနီးသို့ လေကြောင်းမှ ဗုံးသုံးလုံးကြဲပြီး လေးချက် ပစ်ခတ်သွားခဲ့ရာ တောင်ယာလုပ်ကိုင်နေသည့် အမျိုးသမီးသုံးဦးထိမှန် ဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။
“ မနေ့ညကရော မနက်ကရော ဒရုန်းဝဲနေတာ။ မနက်ကျ ဗုံးလာကြဲပြီး ပစ်သွားတာပဲ။ ထိတဲ့သူတွေက စိုက်ခင်းထဲမှာ မြေပေါက်နေတဲ့သူတွေ” ဟု ဒေသတွင်းရဲဘော်တစ်ဦးက MPA သို့ပြောသည်။
ဒဏ်ရာရသူ သုံးဦးအနက် ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ စိုးရိမ်ရအခြေအနေရှိကြောင်း သိရသည်။
“ တစ်ဦးကခြေထောက်ပြတ်သွားတယ်။ တစ်ဦးကခါးရိုးထွက်သွားတယ်။ နောက်တယောက်က ကိုယ်ဝန်ဆောင်အမျိုးသမီး၊ စိုးရိမ်ရတယ်။ ဆေးကုဖို့တော့ ပို့နေပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက် စစ်ကောင်စီတပ်သည် မြေပြင်စစ်ကြောင်း မထိုးရဲတော့ဘဲ မြင်းခြံမြို့ပေါ်မှ ဟောင်ဝှစ်ဇာဖြင့်ပစ်ခတ်ခြင်း၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနှင့် ငါးဇွန်မြို့နယ်ရှိ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ ပြုလုပ်နေကြောင်း သိရသည်။