By Jar Seng / MPA
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတစ်လျှောက်တွင် HIV ၊ TB နှင့် ငှက်ဖျားရောဂါ ခံစားနေရသူများအတွက် ဆေးဝါးပြတ်လပ်မှုဖြစ်ပေါ်နေပြီး သေဆုံးမှုများပင်ရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၃ရက်မှ စတင်ကာ အာရက္ခတပ်တော်-AA နှင့် စစ်ကောင်စီတို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်ခဲ့ပြီးနောက် ဆေးဝါးပြတ်လပ်မှုများကို ဆိုးရွားစွာ ကြုံတွေ့နေရခြင်းလည်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားသည့် အချိန်မှစ၍ စစ်ကောင်စီသည် ယင်းပြည်နယ်အတွင်းသို့ ကုန်စည်စီးဆင်းမှုများပြုလုပ်နေသည့် ရေလမ်း၊ ကုန်းလမ်းများကို ဖြတ်တောက်လိုက်ခြင်းဖြစ်သောကြောင့် တစ်နေ့ထက်တစ်နေ့ အခြေအနေများ ပိုမိုဆိုးရွားလာခြင်းလည်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“အမှန်တိုင်းပြောရရင် အအေးမိလို့ နေမကောင်းဖြစ်ရင်တောင် ဘာဆေးမှ ရှာမတွေ့ဘူး။ ရှိတဲ့ဆေးကလည်း အရင်တုန်းကထက် ဆယ်ဆလောက်ဈေးတက်သွားတယ်။ ဝင်ငွေက မရှိတော့ ဖြစ်သလို တောဆေးတွေနဲ့ ဖြေရှင်းရတာတွေလည်းရှိတယ် ” ဟု ယိုးချောင်းဒေသခံတစ်ဦးက ပြောသည်။
အဆိုပါဒေသတွင် ငှက်ဖျားဖြစ်ပွားမှုနှုန်းထက် TB ရောဂါဖြစ်ပွားမှုပိုများကာ ကူးစက်မှုနှုန်းလည်း မြန်ဆန်နေသည့် အပြင် ကျန်းမာရေးဝန်ထမ်းနှင့် NGO များ မရှိခြင်းကြောင့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးဝါး အကူအညီများ ရရှိခြင်းမရှိကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် ယိုးချောင်းဒေသ၌ တီဘီဖြစ်ပွားသူ ၂၀ခန့်ရှိရာမှ လက်ရှိ ဖြစ်ပွားနေသူ ၃၀ခန့်ထိရှိလာပြီး ကူးစက်မှု များပြားလာသည့်အပြင် AIDS ဖြစ်ပွားနေသူများလည်း တိုးလာကြောင်း သိရသည်။
“ TB ရောဂါနဲ့ HIV ပိုးကူးစက်မှုဖြစ်နေတာက ကြာပြီ၊ စမ်းသပ်မဲ့ ကိရိယာမရှိတာ ၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်သူ ဘာဖြစ်နေတယ်ဆိုတာကို တိုင်းတာလို့ရမဲ့ ပစ္စည်း ကရိယာမရှိတာရောကြောင့် ကိုယ်ခံအားကျလို့ လက္ခဏာပြမှ သိရတယ် ” ဟု ကျောက်တော်မြို့နယ်၊ ကြိမ်ချောင်းရွာမှ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ယိုးချောင်းဒေသသည် ကျောက်တော်မြို့မှ မော်တော်ကားဖြင့် တစ်နာရီခန့်မောင်းနှင်ရပြီး၊ ထိုမှ တစ်ဆင့် စက်လှေဖြင့် သွားလာရသည့်နေရာဖြစ်ပြီး လက်ရှိ စက်လှေခသည် လူတစ်ဦးလျှင် အသွား၊ အပြန် ကျပ် နှစ်သောင်းထိ ပေးရသည်။
ယိုးချောင်းဒေသ၌ ပညာဝ၊ င/စွယ်၊ လမုကိုင်း၊ ပါချေ၊ ခရုသိုက်၊ ဖက်ဝန်းချောင်း၊ ငှက်ပျော့ချောင်း၊ မင်းခုံချောင်း၊ သံချောင်း၊ ရွှေပန်းခိုင်၊ ကြိမ်ချောင်း နှင့် တောင်မင်းကုလား အပါအဝင် ကျေးရွာ ၁၂ရွာနှင့် အထက်ရှိပြီး လူဦးရေ ငါးထောင်ဝန်းကျင်ခန့်ရှိကာ တောင်ယာနှင့် လယ်ယာ လုပ်ငန်းကို လုပ်ကိုင်သူများ နေထိုင်သည့် ဒေသတစ်ခုလည်းဖြစ်သည်။
“အတိုင်းအတာတစ်ခုအထိ ဆေးကုတတ်တဲ့ သူတွေ တချို့တော့ ရှိတယ်။။ ဒါပေမဲ့ သူတို့မှာ ဆေးပစ္စည်းကိရိယာအစုံမရှိကြဘူး။ ဆေးကလည်း ဈေးကြီးတယ်။ အရင်တုန်းက လေးထောင်၊ ငါးထောင်နဲ့ရတဲ့ဟာကို အခု ၅၀,၀၀၀၊ ၈၀,၀၀၀ ပေးနေရတယ်။ ငွေကြေးမတတ်နိုင်တဲ့သူတွေက တောဆေးနဲ့ ကြိတ်ကုကြတယ်။ ရောဂါပြင်းလို့ ကျောက်တော်ကို ဆေးကု သွားဖို့ကလည်း အနည်းဆုံး ရှစ်သောင်းကနေ တစ်သိန်းမပါရင် မတိုးနိုင်ဘူး။ ဒါတောင် လမ်းစရိတ်မပါသေးဘူး” ဟု တောင်မင်းကုလားကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် ယိုးချောင်းဒေသခံများသည် ငွေကြေးကျပ်တည်းမှုကြောင့် အဟာရရှိသည့် အစားအသောက်များ မစားသုံးနိုင်သည့်အတွက် နာတာရှည်ရောဂါခံစားနေရသူများ သေဆုံးမှုများရှိလာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ကျနော့် အမေဆုံးသွားတာ တစ်ပတ်လောက် ရှိပါပြီ၊ အမေ့မှာ TB ရောဂါအခံရှိပါတယ်။ အရင်တုန်းက ကျန်းမာရေးဝန်ထမ်းတွေ လာလို့ ချွေး၊ သလိပ်တို့ စစ်ပေးတယ်။ ဆေးပေးတယ်။ ဆေးမသောက်ဖြစ်တာလည်း တော်တော်ကြာပြီ ဖြစ်လို့ ကိုယ်ခံအားကျဆင်းလာတယ်လို့ ထင်တယ်” ဟု လမုကိုင်းကျေးရွာမှ မိခင်အား ဆုံးရှုံးခဲ့ရသည့် အသက် ၄၇နှစ် ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်အထက်ပိုင်းရှိ မျောက်တောင်၊ သာစည်၊ မာလာ၊ တင်းမ၊ ပြိုင်းတိုင်း စသည့် ကျေးရွာများတွင် လည်း ငွေကြေးကျပ်တည်းမှု၊ ဆေးဝါးရှားပါးမှု နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ မရှိသဖြင့် ကလေးငယ်တစ်ဦးအပါအဝင် သေဆုံးသူ လေးဦးအထိရှိခဲ့သည်။
ယခုကဲ့သို့ ကျောက်တော်မြို့နယ်အတွင်း ငွေကြေးရှားပါးမှု၊ အလုပ်အကိုင်ခက်ခဲမှုနှင့် ဆေးဝါးပြတ်လပ်မှုများကြောင့် လူငယ်၊ လူရွယ်များသည် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ပြီး မိဘများကို ပြန်လည်ထောက်ပံ့မှုများ ပြုလုပ်လျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလအတွင်းက ယိုးချောင်းဒေသရှိ စစ်ကောင်စီ၏ ခမရ ၅၃၉တပ်ရင်းကို AA က သိမ်းပိုက်နိုင်ခဲ့သည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဇူလိုင်လနောက်ပိုင်းမှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်များ၊ အိမ်မွေးတိရစ္ဆာန်များ၊ လယ်ယာစိုက်ခင်းများ၊ လူသုံးကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးပြတ်လပ်မှု၊ ကုန်ဈေးနှုန်း အဆမတန်မြင့်မားမှုဒဏ်များကိုလည်း ရင်ဆိုင်ကြုံတွေ့လျက် ရှိနေသည်။



