By Garcia Ni / MPA
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ကို စစ်ကောင်စီက လေးရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက စုံစမ်း သိရှိရသည်။
တော်လှန်ရေးတပ်ဖွဲ့များက မင်းတပ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလာမည်ကို စိုးရိမ်သောကြောင့် စစ်ကောင်စီအနေဖြင့် မင်းတပ်မြို့တွင်းနှင့် မြို့ပတ်ဝန်းကျင်ကို စက်တင်ဘာ၁၇၊ ၁၈၊ ၁၉နှင့် ၂၀ရက်နေ့တို့တွင် လေးရက်ဆက်တိုက် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မင်းတပ်ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“ ၁၇ ရက်နေ့က မြို့အရှေ့ဘက် ဘိုးဘွားရိပ်သာအနီးကြဲတာ၊ ၁၈ရက်နေ့က မွန်းလွဲပိုင်း တိုက်နယ် တစ်ဘက်ကို ဖိုက်တာနှစ်စင်းနဲ့ဗုံးကြဲတယ်။ ၁၉ရက်နေ့ မနက်ပိုင်းနဲ့ ညနေပိုင်းမှာ ဖိုက်တာ နှစ်စင်းနဲ့ မြို့ပေါ်နဲ့တိုက်နယ် တစ်ဘက်ကို ကြဲတယ်။ ၂၀ရက်နေ့၊ မနက်အစောကြီးမှာက ဖိုက်တာ သုံးစင်းနဲ့ မြို့ပတ်ဝန်းကျင်တွေကို ကြဲတာ၊ ပေါင်၅၀၀ဗုံးတွေ၊ ပြီးတော့ ဗုံးအသေးလေးတွေနဲ့လည်း ကြဲတယ်လို့ပြောတယ်။ လူနေအိမ်ထိခိုက်ပျက်စီးတာတွေတော့ရှိတယ် အတိအကျတော့မသိရသေးဘူးဗျ၊ လူထိခိုက်မှုတော့ မကြားဘူး” ဟု ၎င်းကပြောသည်။
ထို့ပြင် စစ်ကောင်စီအနေဖြင့် စက်တင်ဘာ၁၉ရက်နေ့တွင် Y-12 ထောက်ပို့လေယာဥ်ဖြင့် မင်းတပ်မြို့ပေါ်တွင် တစ်နာရီကြာပျံဝဲ၍ ခလရ-၂၇၄တပ်ရင်းအတွင်းသို့ လက်နက်ခဲယမ်းနှင့်ရိက္ခာထုတ်များကို လေထီးဖြင့်ချပေးခဲ့ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့အကြား ထိတွေ့မှုအနည်းငယ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရပြီး ယင်းကိစ္စနှင့်ပတ်သက်၍ CDF(Mindat)ထံသို့ MPAက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
“ မင်းတပ်မြို့ပေါ်မှာတော့ ပြည်သူအနည်းငယ်ပဲကျန်တော့တယ်။ မင်းတပ်မြို့အနီးနားက ကျေးရွာကလူတွေလည်း ရွာထဲမှာသိပ်မနေကြပါဘူး။ တောင်ယာတဲတွေထဲမှာဘဲ ပြောင်းရွှေ့နေထိုင်ကြပါတယ်။ ရွာတိုင်းက အိမ်တိုင်းလိုလိုမှာလည်း ဗုံးခိုကျင်းတွေတော့ တူးထားကြပါတယ်ဗျ” ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
ထို့ပြင် စက်တင်ဘာ ၁၃၊ ၁၄နှင့် ၁၅ရက်နေ့များကလည်း မင်းတပ်မြို့၊ ခလရ(၂၇၄)တပ်ရင်းအနီးရှိ ပြည်သူ့နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၍ ခံစစ်ပြင်ပစ်ကွင်းရှင်းခဲ့ရာ နေအိမ် ၁၁ လုံး မီးလောင်ပြာကျခဲ့ရသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၂၁ရက် ညနေပိုင်းတွင်လည်း ခလရ၂၇၄တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းတပ်မြို့၊ စံပြရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အချို့မီးလောင်ပျက်စီးလျက်ရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
” ညနေ လေးနာရီလောက်ကတည်းက လက်နက်ကြီးပစ်နေတာရှင့်၊ လက်နက်ကြီးကမီးပွားတွေကြောင့်ဖြစ်မယ် စံပြရပ်ကွက်ဘက်မှာ နေအိမ်တွေမီးလောင်နေတယ်။ မီးခိုးလုံးတွေလည်း မြင်နေရသေးတယ်” ဟု ၎င်းကMPAကိုပြောသည်။
ချင်းပြည်နယ်တောင်ပိုင်းရှိ မတူပီမြို့ကို ဇွန်လကုန်ပိုင်းက လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် စစ်ကောင်စီအနေဖြင့် မင်းတပ်မြို့မကျရေးအတွက် သြဂုတ်လကုန်ပိုင်းမှစ၍ Y-12 ထောက်ပို့လေယာဥ်ဖြင့် လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများဖြည့်တင်းကာ အသည်းအသန်ခံစစ်ပြင်ဆင်နေခြင်း ဖြစ်သည်။
မင်းတပ်မြို့နယ်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများအပြင် ခလရ(၂၇၄)တပ်ရင်းမှလည်း မြို့ပတ်ပတ်လည်သို့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများကို မကြာခဏပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။