By Zwe Ko / MPA
ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များ၌ စစ်မှုထမ်း လူစားထိုးရန်အတွက် လူငှားခအဖြစ် လစဉ် ပေးနေရသော်လည်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပါက စစ်မှုထမ်းခြင်းမှ မလွတ်မြောက်နိုင်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့် စစ်သားသစ်စုဆောင်းရာ၌ မပါဝင်လိုသူများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တဆင့် စစ်တပ်သို့ လစဉ်ငွေကြေးပေးသွင်းပြီး စစ်မှုထမ်းခြင်းမှ ကင်းလွတ်ရန် ဆောင်ရွက်သော်လည်း လွတ်လပ်စွာ သွားလာခွင့်မရှိဘဲ ဖမ်းဆီးခံရမည့် အန္တရာယ်ကို ကြောက်လန့်နေရကြောင်ငး ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ကျတော်တို့ လစဉ်ပိုက်ဆံပေးမယ်။ ကျတော်တို့ကို ကင်းလွတ်ခွင့် ထောက်ခံချက်ကတ်ပြား တစ်ခုခုလုပ်ပေးဆိုတော့လည်း လုပ်မပေးဘူး။ အခုက ပိုက်ဆံသာတစ်လ သုံးသောင်း၊ လေးသောင်းပေးနေရတာ၊ အိမ်ပြင်တောင်မထွက်ရဲဘူး။မြို့ထဲသွားလို့ လမ်းမှာအဖမ်းခံရရင်လည်းသူတို့(စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး)က တာဝန်မယူဘူးလို့ပြောတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ငွေကြေးမပေးနိုင်သည့် သူများသည်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံရကြောင်း မင်းလှမြို့နယ်မှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
” ပေးပင်တန်းရွာက အသက် ခုနှစ်ဆယ်ကျော် အဘိုးအိုတစ်ဦး အဖမ်းခံလိုက်ရတယ်။ အခုပြီးခဲ့တဲ့ နှစ်ရက်လောက်ကပဲ စစ်သားတွေလာဖမ်းသွားတယ်။ အဲ့ဒီရွာက စစ်မှုထမ်းအတွက် လူငှားဖို့ ၆၅သိန်းတောင်းတယ်။ တစ်အိမ် လေးသောင်းနှုန်းနဲ့တောင်းတာ၊ အဲ့ဒီအဘိုးက မပေးနိုင်ဘူးပြောလို့ဖမ်းသွားတာ၊ အခုထိလည်း ပြန်မလွတ်လာသေးဘူး ” ဟု အထက်ပါ အမျိုးသမီးက ရှင်းပြသည်။
ထို့ပြင် စစ်မှုထမ်းလူစားထိုးရန်အတွက် ပြည်သူများထံမှ ငွေကြေးကောက်ခံမှုများပြုလုပ်နေသော်လည်း စစ်တပ်ထဲဝင်လိုသည့်သူများကို ငွေကြေးပေးကာခေါ်ယူခြင်းမဟုတ်ဘဲ လမ်းသွားလမ်းလာပြည်သူများကို ဖမ်းဆီးကာ စစ်တပ်ထဲသို့ သွင်းပြီး တစ်ဖက်မှ ကောက်ခံထာသည့် ငွေကြေးများကို အချိုးကျခွဲယူသုံးစွဲနေခြင်းဖြစ်ကြောင်း အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့မှ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ သူငယ်ချင်းတစ်ယောက်ရဲ့သားဆို မြို့ထဲသွားရင်း စစ်သားတွေနဲ့တွေ့လို့ အဖမ်းခံလိုက်ရတယ်။ အဲ့ဒါ အိမ်က ပိုက်ဆံနဲ့ လိုက်ရွေးတော့ ပြန်လွတ်လာတယ်။ နောက်တစ်လလောက်ကြာတော့ အဲ့ဒီကောင်လေးပဲ ထပ်အဖမ်းခံရတယ်။ အခုထိ ပြန်မလွတ်သေးဘူး။ စစ်တပ်က စစ်မှုမထမ်းလိုတဲ့ သူတွေဆီက ငွေလည်းရ၊ လမ်းသွားလမ်းလာပြည်သူတွေကို ဖမ်းပြီး ပိုက်ဆံတောင်းနဲ့ ယုတ်မာနေတာ “ ဟု ၎င်းက ပြောသည်။
ယင်းအပြင် စစ်ကောင်စီသည် လမ်းသွားလမ်းလာ ပြည်သူများအနက် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများကို ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာပြီး ငွေပေးနိုင်သူများသာ ပြန်လွတ်ကြောင်း စစ်ကောင်စီ ဖမ်းဆီးခံရပြီးနောက် ပြန်လည် လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။
“ ပြီးခဲ့တဲ့ ဩဂုတ်လက ကျတော်တို့ အဖမ်းခံရတာ၊ လမ်းမှာ စစ်သားတွေစီးလာတဲ့ကားနဲ့တွေ့ပြီး ဖမ်းခေါ်ခံရတာ၊ ရဲစခန်းကို ခေါ်သွားတယ်။ ဟိုရောက်တော့ ကျတော်တို့ ကို နှစ်ဖွဲ့ခွဲထားတယ်။ ပိုက်ဆံပေးနိုင်တဲ့သူက တစ်ဖွဲ့၊ မပေးနိုင်တဲ့သူက တစ်ဖွဲ့၊ ကျတော်တို့ အခန်းထဲတင် ၁၀ယောက်လောက်ရှိတယ်။ ရွာက လူကြီးတွေလိုက်လာပြီး သိန်း ၅၀ပေးမှ ပြန်လွတ်လာတာ။ နှစ်ရက်လောက် အချုပ်ထဲမှာ နေလိုက်ရတယ် ” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိ သာယာ၀တီခရိုင်အတွင်းရှိ မြို့နယ်များ၌ အသက် ၃၅နှစ်မှ ၆၅ နှစ်အတွင်းရှိ အမျိုးသား ပြည်သူ့စစ်သင်တန်း တက်ရောက်ရန်အတွက် မဲနှိုက်ရွေးချယ်ပြီး စစ်သင်တန်းများ ပေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ပြင် စစ်မှုထမ်းဥပဒေပြဌာန်းခဲ့သည့် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ လမှ စတင်ကာ လက်ရှိအချိန်ထိ အပတ်စဉ် ၅ အထိ စစ်သင်တန်းခေါ်ယူထားပြီဖြစ်ကာ၊ အပတ်စဉ် ခြောက်အတွက် စာရင်းကောက်ခံမှုများပြုလုပ်လျက်ရှိသည်။