By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကူကားနှင့် မိုင်းရှင်းထွက်လာသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၁၀ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၉ ရက်၊ နံနက် ၁၁ ခွဲဝန်းကျင်တွင် မုံရွာမြို့ မှ ချောင်းဦးမြို့သို့ စစ်ကူသွားသည့် စစ်ကား နှစ်စီးကို မုံရွာ-မန္တလေးလမ်းမပေါ်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဆက်လက်ပြီး ၁၁နာရီ ၄၅ မိနစ်ဝန်းကျင်တွင် မုံရွာမြို့နယ် မအူဂိတ်မှ မိုင်းရှင်းရန်စစ်ကားနှစ်စီးဖြင့် ထွက်လာသည့် စစ်သားများအား ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း မုံရွာခရိုင် အမှတ် လေး တပ်ရင်း (Chindwin Attack Force)က ယနေ့( စက်တင်ဘာ၂၀ရက်) သတင်းထုတ်ပြန်သည်။
“ချောင်းဦးကို စစ်ကူပို့တဲ့ စစ်ကား နှစ်စီးကို မိုင်းဆွဲတာမှာ နှစ်စီးလုံးမိတယ်။ထိခိုက်မှုရှိ လို့ထင် တယ်။ရှေ့ကိုဆက်မမောင်းတော့ဘဲ မုံရွာမြို့ထဲ တန်းမောင်းသွားတာ။မအူဂိတ်တောင်မဝင်တော့ဘူး။ အရင်ကဆို ဝင်လေ့ရှိတယ်။ခဏကြာတော့ မအူကနေ မိုင်းရှင်းထွက်လာတဲ့ စစ်သားတွေကို အသင့် စောင့်ပြီး ထပ်မိုင်းဆွဲတာ” ဟု မုံရွာခရိုင် အမှတ်လေး တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ က MPAသို့ ပြောသည်။
မိုင်းဆွဲခံရသည့် စစ်ကားများသည် ထိခိုက်၊ သေဆုံး စစ်သားများကိုသယ်ဆောင်ကာ မုံရွာမြို့သို့ လှည့်ပြန်မောင်းနှင်သွားကြောင်း သိရသည်။
“စစ်ကူပို့တဲ့ကားကို မိုင်းဆွဲပြီး မကြာဘူး။ ၁၅ မိနစ်ဝန်းကျင်လောက်မှာပဲ မအူဂိတ်ကနေ ကား နှစ် စီးနဲ့ မိုင်းလာရှင်းတာကို ကျတော်တို့က ထပ်ပြီး မိုင်းဆွဲတာမှာ ၁၀ ဦးသေပြီး ဒဏ်ရာရကုန်တာ။ ကျတော်တို့ကို လိုက်ပစ်တာမျိုးရှိပေမယ့် မထိခိုက်ပါဘူး” ဟု ၎င်း ကဆက်လက်ပြော သည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်းလေး၊မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း လေး အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)၊မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း လေး၊ တပ်ခွဲ နှစ် 5/ Commando Force၊Democratic Guerrilla Force (D.G.F)၊ဘာမထီပြောက်ကျားတပ်ဖွဲ့ နှင့်ယင်းမာပင်ခရိုင်တပ်ရင်းကိုး idols Colum တို့က ပူးပေါင်းဆင်နွှဲခဲ့သည်။
စစ်သားများ သေဆုံး၊ ဒဏ်ရာရမှုအပေါ် MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။