By Zwe Ko / MPA
စစ်ကောင်စီက ၂၀၂၅ ခုနှစ်၌ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူမည်ဟု ပြောဆိုပြီးနောက် Non CDM ပညာရေးဝန်ထမ်းများ သန်းခေါင်စာရင်းကောက်ယူရန် တာဝန်ပေးခဲ့ရကြောင်း Non CDM ပညာရေးဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ် အောက်တိုဘာ တစ်ရက်မှ ၁၅ရက်နေ့အတွင်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုပြီးနောက် NOn CDM ပညာရေးဝန်ထမ်းများ ဖိအားပေးခိုင်းခံရခြင်းဖြစ်ကြောင်း သာယာ၀တီမြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
“အကုန်လုံးတော့ မတက်ရဘူး၊ တစ်ကျောင်းကို တစ်ယောက်၊ နှစ်ယောက်၊ မြို့ပေါ်ကျောင်းတွေကတော့ လေးယောက်လောက် အရွေးခံရတယ်လို့ပြောတယ်။အရင်ဆုံး သင်တန်းတက်နေရတယ်။ အရွေးခံရလို့ သင်တန်း မတက်လို့လည်းမရဘူး။ မတက်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်နေတယ်၊ သင်တန်းကတော့ မြို့ပေါ်ကျောင်းတွေမှာပေးတာ” ဟု ၎င်းက ပြောသည်။
ထို့ပြင် စစ်ကောင်စီက လုံခြုံရေးအပြည့်အဝမပေးနိုင်ဘဲ သန်းခေါင်စာရင်းကောက်ယူရန် တာဝန်ပေးခံရသည့်အတွက် အဆင်ပြေမှုမရှိကြောင်း လက်ပံတန်းမြို့နယ်မှ ကျောင်းဆရာမတစ်ဦးက ပြောသည်။
“လုံခြုံရေးတော့ ထည့်ပေးမယ်ပြောတာဘဲ၊ ဒါပေမဲ့ စိတ်ချရတဲ့ အခြေနေတော့မဟုတ်ဘူး။ ဘယ်သူမှ သင်တန်းမတက်ခြင်ကြဘူး။ သင်တန်းပါမှာစိုးလို့ တချို့ဆို ကျောင်းအုပ်ကြီးတွေ ၊ ဌာနဆိုင်ရာတွေကို ပိုက်ဆံသွားပေးထားကြတယ်။ တချို့ကျောင်းတွေက သင်တန်းတက်ဖို့ မဲနှိုက်ပြီးရွေးကြတယ်။ အားလုံးစိတ်ညစ်နေကြတာ၊ ဘယ်သူမှ သင်တန်းတက်ဖို့ တက်တက်ကြွကြွမရှိဘူး” ဟု ထို အမျိုးသမီးပညာရေးဝန်ထမ်းက ဆိုသည်။
ထိုကဲ့သို့ စစ်ကောင်စီက ပြည်လုံးကျွတ်သန်ခေါင်စာရင်းကောက်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး ပြည်သူများလည်း ထိတ်လန့်နေကြောင်း သာယာဝတီမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။
“ရွေးကောက်ပွဲ လုပ်ဖိုထက် ကိုယ့်အိမ်မှာ ရှိတဲ့ လူဦးရေးစာရင်း၊ အချက်လက်တွေ သူတို့(စစ်ကောင်စီ)ကို ပေးရမှာဆိုတော့ ပြည်သူတွေက လန့်နေကြတာ၊ လူငယ်တွေရှိတဲ့မိသားစုတွေဆို ပိုစိုးရိမ်ကြတယ်။ သူတို့ သားသမီးတွေကို စစ်မှုထမ်းဖို့ အသက် ပြည့်မပြည် စားရင်းကောက်ပြီး စစ်မှုထမ်းခိုင်းမှာလား၊ တချို့ကြတော့လည်း သူတို့သားသမီးတွေ ၊အမျိုးသားတွေက အိမ်မှာမရှိကြဘူးလေ၊ ပြည်ပ အလုပ်သွားလုပ်ကြတာ တရားဝင်သွားတာ မဟုတ်ဘူး။ အောက်လမ်းတွေကသွားကြတော့ အဲဒါတွေကို ပြသာနာ အရှာခံရမှာ၊ အရစ်ခံရမှာကြောက်နေကြတယ်” ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် အုတ်ဖိုမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တွင် ပညာရေးဝန်ထမ်းများအား စစ်ကောင်စီတပ်ဖွဲ့များနှင့် ကျောင်းအုပ်ကြီးများက သန်းခေါင်စာရင်း ကောက်ယူရေးသင်တန်းတက်ရန် ဖိအားပေးခြင်းများကြောင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၅ ကြို့ပင်ကောက် Heroပျောက်ကျားတပ်ဖွဲ့က ကျောင်းများ၌ သတိပေးစာများချထားခဲ့ကြောင်း ယင်းအဖွဲ့၏ တပ်ခွဲမှူးဗိုလ်မိုးကြိုးက MPA သို့ပြောသည်။
“ကျောင်းအုပ်တွေကို လက်အောက်ငယ်သား ကျောင်းဆရာ၊ ဆရာမတွေကို သင်တန်းတက်ဖို့ အတင်ဖိအားပေးတာတွေမလုပ်ဖို အုတ်ဖိုနဲ့ ကြို့ပင်ကောက်က ကျောင်း ၂၀လောက်ကို သတိပေးစာတွေချပြီးပြီ၊ နောက်ဒီထက်ပိုဆိုးလာရင် ကျတော်တို့ ပြင်းပြန်းထန်ထန်အရေးယူသွားမှာပါ၊ စာရွက်တွေ ချပြီးတော့ အခုရက်ပိုင်း သင်တန်းကိစ္စ နည်းနည်းငြိမ်သွားတယ်” ဟု ၎င်းကပြောသည်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူများသည် သေဆုံးမှုနှင့် နေအိမ်ပျက်စီးမှုများရှိနေသော်လည်း ရေဘေးသင့်ပြည်သူများ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အမြန်ဆုံးနေရပ်ပြန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။
ယင်းအပြင် သန်းခေါင်စာရင်းကောက်ယူရာတွင်လည်း ပြည်သူများ မဖြစ်မနေပူးပေါင်းရန် စက်တင်ဘာ ခြောက်ရက်ကပြုလုပ်ခဲ့သည့် ၂၀၂၄ခုနှစ် လူဦးရေးနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအစည်းအဝေး၌ စစ်ကောင်စီ ဒုတိယဥက္ကဌ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။